ရန်ကုန်လမ်းများပေါ် စစ်အုပ်စု ပေါ်တာဆွဲနေမှုကို ပါတီများ မမြင်ချင်ယောင်ဆောင်နေ

ရန်ကုန်မြို့လမ်းများပေါ် စစ်အုပ်စုဝင်တို့က ပေါ်တာဆွဲနေမှုအပေါ် တရားမဝင်ရွေးကောက်ပွဲဝင်မည့် ပါတီများက ၎င်းတို့နှင့် မဆိုင်သလို သဘောထားနေကြကြောင်း သိရသည်။

ရန်ကုန်လမ်းများပေါ် ပေါ်တာဆွဲနေမှုမှာ ဆက်လက်ရှိနေပြီး နိုဝင်ဘာ၂၀ရက်ညနေပိုင်းက အင်းစိန် မြို့နယ်၊မြို့သစ် က/ခ ရပ်ကွက်၊ က၆လမ်းထိပ်သို့ စစ်ကားတစ်စီးရောက်လာကာ ဘေးတွဲဆိုင်ကယ် ပေါ်အိပ်နေသည့် ဘေးတွဲသမားအား ဖမ်းဆီးသွားကြောင်း Rangoon Scout Network က သတင်း ထုတ်ပြန်ထားသည်။

ယင်းသို့ လမ်းမပေါ် ဖမ်းဆီးနေမှုများနှင့် ပတ်သက်ပြီး ပါတီများက မဲဆွယ်စည်းရုံးစဉ် ထည့်သွင်း ပြောကြား ကန့်ကွက်ခြင်းများ ရှိ၊မရှိ မေးမြန်းခဲ့ရာ Rangoon Scout Network မှ တာဝန်ရှိသူတစ်ဦး က “ တစ်ခါမှ မကြားမိပါဘူးဗျ။ စစ်တပ် ပြောခွင့်ပေးတွေပဲ ပြောနေကြတာ တွေ့မိပါတယ်။ ဝင်မ ပြိုင် ရမှာ ကြောက်လို့ထင်တယ်။ ဒီ ပေါ်တာဆွဲတဲ့ဖြစ်စဉ်တွေကို လုံးဝမဆိုင်သလိုပဲ သဘောထား ကြပါတယ်ဗျ”ဟု MPAသို့ပြောသည်။

တရားမဝင်ရွေးကောက်ပွဲဝင်မည့် ဒီမိုကရေစီအယောင်ဆောင်ပါတီများပင်လျှင် စစ်မှုထမ်းရန် ပေါ်တာဆွဲနေမှုကို မထိရဲကြကြောင်း ရန်ကုန်မြို့နေ ၊စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးက ပြောသည်။

“ကိုကိုကြီးဆို ပိုဆိုးတယ်လေ။တော်လှန်ရေးအင်အားစုတွေကို ဟိန်းလားဟောက်လားနဲ့။မင်းအောင် လှိုင်ပြည်သူသတ်နေတာကျ ဘာပြောရဲလဲ။အခုပေါ်တာဆွဲနေတာကိုတောင် ဘာမှ မပြောရဲဘူး”ဟု ၎င်း က ပြောသည်။

ယခုလအတွင်း ရန်ကုန်လမ်းများပေါ် ပေါ်တာဆွဲခြင်းကို ယခင်ကလောက် မသောင်းကျန်းတော့ သော်လည်း ဆက်လက်ဆွဲနေဆဲဖြစ်ကြောင်း Rangoon Scout Network က ဆိုသည်။

နိုဝင်ဘာ၁ရက်မှ ၁၆ရက်အထိ ရန်ကုန်လမ်းများပေါ် ဖမ်းဆီးခံရသူ ၁၆ဦးထက်မနည်းရှိကြောင်း Rangoon Scout Network ၏ ထုတ်ပြန်ချက်များအရ သိရသည်။

စာတည်း – ML