ရေကြီးရေလျှံမှု ကာကွယ်ရေး အကြောင်းပြချက်ဖြင့် ဟတ်ကြီးရေကာတာစီမံကိန်း ပြန်လည်စတင်ရန် စစ်ကော်မရှင် စီစဉ်နေ

စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က ကရင်ပြည်နယ်၊ ဘားအံမြို့၌ ဒေသတွင်း ရေကြီးရေလျှံမှုများကို ထိန်းသိမ်းနိုင်ရန်နှင့် လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်ဟုဆိုကာ ရပ်ဆိုင်းထားသည့် ဟတ်ကြီးရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုင်ဝင်ဘာ ၁၅ ရက်က မင်းအောင်လှိုင်၏ ဘားအံမြို့နှင့် အခြားမြို့များ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို တွက်ချက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သလို ဘားအံဒေသ ရေကြီးရေလျှံမှုသည် အထက်ပိုင်းဒေသ မိုးများချိန်နှင့် ဒီရေတက်ချိန်များတွင် ပိုမိုဆိုးရွားလေ့ရှိသဖြင့် ဟတ်ကြီးရေကာတာ တည်ဆောက်ပါက ယင်းအခြေအနေကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီစီမံကိန်းကို ဆောင်ရွက်ခြင်းအားဖြင့် ဒေသအတွက် လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သလို သဘာဝအရ ဖြစ်ပေါ်လာတဲ့ ရေကြီးရေလျှံမှုတွေကိုလည်း အထိုက်အလျောက် လျှော့ချနိုင်မှာ ဖြစ်ပါတယ်”ဟု မင်းအောင်လှိုင်က ပြောကြားပြီး ဒေသခံများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

ဟတ်ကြီးရေကာတာ စီမံကိန်းသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံ အောက်ဘက် ၂၉ မိုင်အကွာတွင် တည်ရှိသည်။ အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံ ကုန်ကျမည့် အဆိုပါ စီမံကိန်းအတွက် ၂၀၀၆ ခုနှစ်၊ ယခင်စစ်အစိုးရလက်ထက်ကတည်းက မြန်မာ့လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (EGAT International) နှင့် တရုတ်နိုင်ငံမှ Sinohydro Corporation တို့အကြား သဘောတူညီမှု ရယူခဲ့ခြင်းဖြစ်သည်။

အမြင့် ၃၃ မီတာရှိမည့် အဆိုပါရေကာတာမှ လျှပ်စစ်ဓာတ်အား ၁၃၆၀ မီဂါဝပ် ထုတ်လုပ်ရန် လျာထားသော်လည်း ထွက်ရှိမည့် ဓာတ်အား၏ ၁၀ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံက ရရှိမည်ဖြစ်ပြီး ကျန်ရှိသည့် ပမာဏအားလုံးကို ထိုင်းနှင့် တရုတ်နိုင်ငံတို့ထံ တင်ပို့ရောင်းချသွားမည့် စီမံကိန်းတစ်ခုဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်၊ ဘားအံ ခရီးစဉ်တွင်လည်း ဟတ်ကြီးရေကာတာ တည် ဆောက်ရေးကိစ္စကို ပြောကြားဖူးပြီး လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ပဋိပက္ခများ ဖြစ်ပွားနေချိန်တွင် ကြီးမားသော ရေကာတာစီမံကိန်းကို ပြန်လည်စတင်ရန် ကြိုးပမ်းမှုအပေါ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိသည်။

“အခုလို အချိန်မျိုးမှာ လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပရောင်းဖို့ စီစဉ်ထားတာက နိုင်ငံအကျိုးအတွက် မဟုတ်ပါဘူး။ တရုတ်နဲ့ သူတို့အကျိုးစီးပွားအတွက် လုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု MRW အဖွဲ့မှ ဒေါ်မိုးမိုးစုကြည်က MPA သို့ ပြောသည်။

ထို့ပြင် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အသက်သွေးကြော ဖြစ်သကဲ့သို့ သံလွင်မြစ်သည် ကရင်ပြည်နယ်၏ အသက်သွေးကြောဖြစ်ရာ ရေကာတာ တည်ဆောက်ပါက ဂေဟစနစ်ပျက်စီးခြင်း၊ သစ်တောများ ရေနစ်မြုပ်ခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲ ဆုံးရှုံးခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း ဝေဖန်သူများက ထောက်ပြသည်။

“ရေကာတာတွေက ဒေသခံ လူထုဆီကနေ ရေတွေကို လုယူပြီး လူချမ်းသာတွေအတွက်ပဲ အကျိုးရှိစေတယ်။ တကယ်က ရှိရင်းစွဲ ဒေသက အလုပ်တွေတောင် ပျက်စီးသွားနိုင်တယ်”ဟု သဘာဝပတ်ဝန်းကျင်အကြောင်း လေ့လာသူ ပြည်သူတစ်ဦးက ပြောသည်။

အကယ်၍ စီမံကိန်းသာ ဖြစ်မြောက်လာပါက ကျေးရွာပေါင်း ၄၀ ကျော် ရေလွှမ်းမိုးနစ်မြုပ်မည်ဖြစ်ပြီး ဒေသခံများ၏ စိုက်ပျိုးမြေနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးဆုံးရှုံးရမည့် အန္တရာယ်ရှိနေသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများက ယခင်ကတည်းက သတိပေးထားပြီးဖြစ်သည်။

ဟတ်ကြီးရေကာတာစီမံကိန်း တည်ရှိရာဒေသသည် ယခင်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ လှုပ်ရှားရာ နယ်မြေဖြစ်ပြီး ၂၀၁၄ နှင့် ၂၀၁၆ ခုနှစ်များက BGF နှင့် DKBA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ဖူးသည်။

မြစ်ချောင်းအရေး တက်ကြွလှုပ်ရှားသူတစ်ဦးကမူ တရုတ်နိုင်ငံအနေဖြင့် သံလွင်မြစ်ပေါ်တွင် ဆည်ဆောက်လုပ်ခြင်းကို ထိန်းချုပ်မှုအာဏာ (Controlling Power) တစ်ခုအဖြစ် ရှုမြင်နေသကဲ့သို့ ထိုင်းနိုင်ငံဘက်ကလည်း ရေလမ်းကြောင်း လွှဲပြောင်းရေးစီမံကိန်း (Water diversion project) ကို မျှော်လင့်နေကြောင်း သုံးသပ်သည်။

“ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေအတွင်းမှာ ရှိနေတာဖြစ်တဲ့အတွက် ဆောင်ရွက်ဖို့က မင်းအောင်လှိုင်အတွက် အိပ်မက်မက်နေတာလဲ ဖြစ်နိုင်ပါတယ်” ဟု ဒေါ်မိုးမိုးစုကြည်က မှတ်ချက်ပြုသည်။

လက်ရှိအချိန်တွင် စီမံကိန်းသည် ကိုဗစ်-၁၉ ကပ်ရောဂါ၊ စစ်အာဏာသိမ်းမှုနှင့် တရုတ်ဘဏ်များ၏ ငွေကြေးချေးငှားမှု ဆိုင်းငံ့ထားခြင်းတို့ကြောင့် ရပ်တန့်နေသော်လည်း စစ်ခေါင်းဆောင်၏ ပြောကြားချက်များအရ ယင်း စီမံကိန်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းလာဖွယ်ရှိကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်လျက်ရှိသည်။

စာတည်း-ကိုဆန်း