စစ်ကော်မရှင်က ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည်ဟု ဆိုကာ မဲဆွယ်စည်းရုံးမှုများ စတင်ပြုလုပ်နေချိန်တွင် စစ်ကိုင်းနှင့် မန္တလေးကို ဆက်သွယ်ထားသော အဓိက လမ်းမကြီးဖြစ်သည့် ရတနာပုံတံတားပေါ်၌ လူငယ်များကို ပစ်မှတ်ထားကာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
ယခု နိုဝင်ဘာလအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင်များသည် ရတနာပုံတံတားပေါ်၌ စစ်ဆေးရေးဂိတ်များ ချထားကာ နံနက်ပိုင်းအချိန်များတွင် ဖြတ်သန်းသွားလာသည့် အမျိုးသားများကို တားဆီးစစ်ဆေးပြီး ပေါ်တာဆွဲဖမ်းဆီးမှုကို ခပ်စိပ်စိပ် လုပ်ဆောင်လာခြင်း ဖြစ်သည်။
“ဒီလထဲမှာတင် သုံးလေးခါလောက် ရှိပြီ။ တစ်ခါဆွဲရင် Light Truck ကား နှစ်စီးစာလောက်အထိ လူပြည့်အောင် ဖမ်းဆွဲလေ့ရှိပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများကို ကနဦး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးသို့ ခေါ်ဆောင်သွားပြီး ထိုမှတဆင့် နာမည်ဆိုးဖြင့် ကျော်ကြားသော စစ်ကိုင်းမြို့အခြေစိုက် အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) သို့ ပို့ဆောင်ကြောင်း သက်လတ်ပိုင်း ဒေသခံအမျိုးသမီးတစ်ဦးက အတည်ပြု ပြောကြားသည်။
“အရင်ဆုံးတော့ မယက ရုံးကို ခေါ်သွားတယ်။ အဲဒီကနေ တပ်မ ၃၃ ဘက်ကို ပို့တာ” ဟု ၎င်းက ဆိုသည်။
ဖမ်းဆီးခံရသူများတွင် ငွေကြေးတတ်နိုင်သူနှင့် အဆက်အသွယ်ရှိသူများမှာ ငွေပေး၍ ပြန်လည်လွတ်မြောက်နိုင်သော်လည်း သာမန်လက်လုပ်လက်စားများနှင့် ကျေးရွာနေ ပြည်သူများမှာမူ ငွေကြေးမတတ်နိုင်သဖြင့် ပြန်လည်လွတ်မြောက်ခြင်း မရှိဘဲ စစ်ကော်မရှင် လက်ထဲသို့ ရောက်ရှိသွားလေ့ရှိသည်။
ထူးခြားသည့်အချက်မှာ ပြည်သူများ ဖမ်းဆီးခံနေရသည့် ရတနာပုံတံတား အဆင်းနေရာတွင် စစ်ကောင်မရှင် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒုတိယဗိုလ်ချုပ်ကြီး (အငြိမ်းစား) ဦးသက်ပုံ၏ မဲဆွယ်ဆိုင်းဘုတ်ကြီးကို ထင်းလင်းစွာ စိုက်ထူထားခြင်း ဖြစ်သည်။
ဦးသက်ပုံသည် ပြီးခဲ့သည့် စက်တင်ဘာလကမှ အငြိမ်းစားယူခဲ့သူဖြစ်ပြီး ရန်ကုန်တိုင်းကို တာဝန်ယူရသည့် အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၅) နှင့် တပ်မတော် စစ်ဆေးရေးအရာရှိချုပ် ကဲ့သို့သော ထိပ်တန်းတာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် လာမည့်ရွေးကောက်ပွဲတွင် စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
“တံတားအဆင်းမှာ သူ့ပုံပါတဲ့ ဆိုင်းဘုတ်ကြီး ထောင်ထားတယ်။ တဘက်မှာ သူ့လူတွေက ပြည်သူကို ဖမ်းနေချိန်မှာ တဘက်က သူက ပြည်သူဆီက မဲတောင်းနေတာဟာ အတော်လေး ရယ်စရာကောင်းတဲ့ အခြေအနေပါ”ဟု စစ်ကိုင်းမြို့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက သုံးသပ်သည်။
စစ်ကောင်မရှင်၏ ဖမ်းဆီးမှုများကြောင့် စစ်ကိုင်းမြို့ခံများသည် သွားလာရေးပုံစံကို ပြောင်းလဲရသည့် အခြေအနေတွင် ရှိနေသည်။ အထူးသဖြင့် စနေ၊ တနင်္ဂနွေကဲ့သို့ ရုံးပိတ်ရက်များတွင် လမ်းပေါ်၌ လူသွားလူလာ လုံးဝမရှိသလောက် နည်းပါးသွားကြောင်း သိရသည်။
“အခုရက်ပိုင်း အသွားအလာ နည်းကြတယ်။ ဆိုင်ကယ်တွေ သိပ်မတွေ့ရတော့ဘူး။ ကားတွေနဲ့ပဲ ငှားသွားကြတာ များတယ်။ ရှောင်တာကတော့ ရှောင်မရဘူး။ စီမံချက်နဲ့ဆို ပေါ်တာဆွဲတယ်။ ဒီတိုင်းတော့ မဖမ်းဘူး။ တံတားဖြတ်မှ စစ်ကိုင်း-မန္တလေးက ကူးရမှာဆိုတော့ ဝန်ထမ်းသမားတွေကတော့ ဝန်ထမ်းကဒ် သုံးရတယ်”ဟု တံတားပေါ်မှာ ဖြတ်သန်းသွားလာဖူးသူ လူငယ်အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
စစ်ကော်မရှင် တပ်ဖွဲ့ဝင်များသည် မီးပွိုင့်များနှင့် စစ်ဆေးရေးဂိတ်များတွင် ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်း၊ လိုင်စင်မပါခြင်းတို့ကို အကြောင်းပြ စစ်ဆေးလေ့ရှိပြီး မသင်္ကာပါက ချက်ချင်း ဖမ်းဆီးခေါ်ဆောင်သွားလေ့ရှိကြောင်း သိရသည်။
စာတည်း-ကိုဆန်း
