ပေါက်၊ မြိုင်နှင့် ထီးလင်းမြို့နယ်တို့ကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ်နီးပါးလုပ်ဆောင်နေ

မကွေးတိုင်းအတွင်းရှိ ပေါက်၊ မြိုင်နှင့် ထီးလင်းမြို့နယ်တို့ကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ်နီးပါးလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်၊ ည ၁၁ နာရီတွင် စစ်ကော်မရှင်က ပေါက်မြို့နယ် အရှေ့မြောက်ခြမ်းတစ်နေရာကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မြိုင်နဲ့ ပေါက်နယ်စပ်ကို ဗုံးကြဲတာတွေ မကြာခဏ လုပ်နေတယ်။ ပေါက်နယ်ထဲကို ဂျက်ဖိုက်တာနဲ့ မနေ့ညက(နိုဝင်ဘာ ၂၀ ရက်) လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် လုပ်တယ်လို့ သိရတယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရတော့ အထိအခိုက်ကိုက အတိအကျ မသိရသေးဘူး” ဟု အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်၊ ည ၁၂ နာရီဝန်းကျင်၌ စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြိုင်မြို့နယ်၊ ကံကြီးကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ငါးဦးသေဆုံးခဲ့ပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

“ခုက မြိုင်နယ်ထဲမှာ အင်အား ၂၀၀ ပါ စစ်ကြောင်းရှိနေတယ်။ သပြေညိုရေနံမှော်နဲ့တော့ နီးနေပြီ။ သပြေညိုမှော်နဲ့ သိပ်မဝေးတဲ့ ရေခါး၊ သရက်ကန်ရွာတွေကတော့ ရှောင်နေကြပြီ” ဟု ပေါက်မြို့နယ်မြောက်ပိုင်းမှ မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက ဆိုသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ ၂၁ ရက်အထိ MPA ၏ စာရင်းကောက်ယူထားချက်အရ စစ်ကော်မရှင်၏ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းတို့ကြောင့် မြိုင်နှင့် ပေါက်မြို့နယ်တို့မှ အရပ်သားပြည်သူ ၂၅ ဦး သေဆုံးခဲ့ရသည်။

ထို့ပြင် ပေါက်မြို့နယ် အနောက်မြောက်ပိုင်းနှင့် ထိစပ်နေသည့် ထီးလင်းမြို့နယ်၊ ပုံတောင်နတ်ထိပ်အနီး၊ ကျင်းကျေးရွာရှိ ကပစ ၂၄ ၏ ကာကင်းစခန်းမှလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အနီးဝန်းကျင်သို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲခြင်းတို့ကို လုပ်ဆောင်လျက်ရှိနေသည်။

“စစ်ကော်မရှင်တပ်က သူတို့စခန်းအနီးဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ၊ နေ့ညမရွေးဘူး။ သူတို့ စစ်ကြောင်းကတော့ ရှိတယ်။ လက်ရှိ စစ်ကြောင်းက အေးနေပါတယ်။ လေကြောင်းကတော့ သတိထားနေရပါတယ်” ဟု ထီးလင်းမြို့နယ်အတွင်း နေထိုင်သည့် ဒေသခံတစ်ဦးက ဆိုသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလဆန်းမှစ၍ လက်ရှိအချိန်ထိ စစ်ကော်မရှင်က မြိုင်၊ ပေါက်နှင့် ထီးလင်းမြို့နယ်တို့ကို လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ခဲယမ်းနှင့် ရိက္ခာထုပ်ဖြည့်တင်းခြင်းနှင့် စစ်ကြောင်းထိုးခြင်းများ လုပ်ဆောင်လျက်ရှိသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် လက်ရှိအချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ပွဲများဖြစ်ပွားနေ၍ နေရပ်စွန့်ခွာသူဦးရေ ၃ ဒဿမ ၆ သန်းကျော်ရှိနေပြီဖြစ်ကြောင်း UNOCHA – Myanmar က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

စာတည်း-ကိုဆန်း