မြန်မာ့အရေး လက်နက်ကိုင် ဖြေရှင်းခြင်းကို စစ်တမ်းဖြေ သံဃာ ထက်ဝက်နီးပါး ထောက်ခံ

ဓာတ်ပုံ - AFP

မြန်မာ့အရေးကို လက်နက်ကိုင်နည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဟု သံဃာ ထက်ဝက်နီးပါးက မိန့်ကြားကြကြောင်း Blue Shirt စစ်တမ်းက ဖော်ပြသည်။
Blue Shirt Initiative က “စစ်ရေး၊ နိုင်ငံရေးပဋိပက္ခများနှင့် ဖရိုဖရဲလူ့အဖွဲ့အစည်းအတွင်း သံဃာ တော်များ၏ လောကအမြင်”ခေါင်းစဉ်ဖြင့် ကောက်ယူခဲ့သော စစ်တမ်းတွင် သံဃာ ၄၉ရာခိုင်နှုန်းက အထက် ပါအတိုင်း မိန့်ခဲ့ကြကြောင်း သိရသည်။

“ဖြစ်နိုင်ရင် အသက်နဲ့ရင်းရတဲ့ ဖြေရှင်းနည်းကို ကျနော်တို့သားသမီးတွေ၊ကျနော်တို့မိတ်ဆွေတွေ၊ ဘယ်ပြည်သူကမှ မလုပ်ချင်ကြဘူး။ဒီစစ်အာဏာရှင်တွေကို ဒီလိုနည်းနဲ့ ရှင်းပစ်မှ ရမှာမို့ လက်နက် ကိုင်ကြရတာ။ဒါကို သံဃာတော်များလည်း နားလည်လက်ခံတဲ့သဘောမို့ ကျေနပ်မိတယ်။သံဃာ တော်တွေလည်း နွေဦးတော်လှန်ရေးမှာ တတ်နိုင်တဲ့အပိုင်းကနေ ပါဝင်ပေးကြပါလို့ မေတ္တာ ရပ်ခံချင်ပါတယ်”ဟု ရန်ကုန်အခြေစိုက် ကဗျာဆရာတစ်ဦးက MPAသို့ပြောသည်။

မြန်မာအရေးကို နိုင်ငံတကာကြားဝင်ဖြေရှင်းရမည်ဟုမိန့်သော သံဃာ ရာခိုင်နှုန်း၄၀ရှိပြီး နိုင်ငံရေး နှင့်စစ်ရေးခေါင်းဆောင်များကြား စေ့စပ်ဖြေရှင်းရန် ၄၆ရာခိုင်နှုန်းက မိန့်သည်။

လက်ရှိလက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ရေး သို့မဟုတ် ဖြေရှင်းရေးနှင့်ပတ်သက်၍ Blue Shirtအ ဖွဲ့အနေနှင့် လူအုပ်စုအမျိုးမျိုးကို စစ်တမ်းကောက်ယူမေးမြန်းခဲ့ရာ နိုင်ငံတကာအသိုင်းအဝိုင်း၏ ကြားဝင်ဖြေရှင်းမှုနှင့် စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်များကြား ညှိနှိုင်းဖြေရှင်းမှု ဆိုသည့် နည်း လမ်းနှစ်သွယ်ကို လုံးလုံးလျားလျား ငြင်းပယ်မှုမျိုး မတွေ့ရသော်လည်း အများစုက လက်နက်ကိုင် နည်းလမ်း သို့မဟုတ် စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းမှုအပေါ် ပို၍ အလေးသာကြကြောင်း တွေ့ရှိခဲ့သည်ဟု Blue Shirt Initiative က ဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင်း အဓိကဦးစားပေးဖြေရှင်းရမည့် ပြဿနာများနှင့် ပတ်သက်၍စစ်တမ်းတွင် ပါဝင်ဖြေဆိုခဲ့သည့် သံဃာတော်များ၏ ဖြေဆိုမှုများအနက်မှ အာဏာသိမ်းမှုကို အဆုံးသတ်ရန်၊လက် နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းရန်နှင့် လူ့အဖွဲ့အစည်းအတွင်း ရင်ဆိုင်နေကြရသည့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အကျပ်အတည်းများ ဖြေရှင်းရေးတို့မှာ သံဃာတော်များ အများဆုံး ဖြေဆို မိန့်ကြား ခဲ့သည့် ကိစ္စရပ်များဖြစ်ကြောင်း သိရသည်။

Blue Shirt Initiative သည် ၂၀၁၄ခုနှစ်၊ဒီဇင်ဘာ၁ရက်မှ ၇ ရက်အတွင်း ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း၂၃၇ကျောင်းမှ ရဟန်း ၅၉၅ပါးနှင့် သီလရှင်၁၂၇ ပါးတို့ကို ယခုစစ်တမ်းအတွက် လျှောက်ထားမေးမြန်းခဲ့ခြင်းဖြစ်သည်။

Blue Shirt Initiative သည် လွတ်လပ်၍ ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော ပြည်တွင်းအရပ် ဘက် အဖွဲ့ဖြစ်ပြီး သုတေသနနှင့်ပညာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။