ဇီးကုန်းမြို့မရဲစခန်းအနီးရှိ ကေတီဗီတွင် ပျော်ပါးနေသော ရဲနှင့်စစ်သား၇ဦး ပစ်ခတ်ခံရပြီးသေဆုံး

ပဲခူးတိုင်း ၊ ဇီးကုန်းမြို့မရဲစခန်းအနီးရှိ ကေတီဗီတွင် ရဲနှင့်စစ်သားတို့ ရောက်ရှိပျော်ပါးနေစဉ် PDF တို့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ မျက်မြင် ၇ဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ၂၂ ရက်၊ ည ၁၁ နာရီဝန်းကျင်တွင် ဇီးကုန်းမြို့မရဲစခန်းနှင့် ၂ ဖာလုံကျော်သာဝေးသည့် မြို့နှင့် ကပ်လျက် ဝက်ကော်ရွာကေတီဗီတွင် ရဲနှင့် စစ်သားများ ရောက်ရှိနေသည်ဟု သတင်းရသဖြင့် တော်လှန်ရေးတပ်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နတ်စစ်သည် တပ်ဖွဲ့ထံက သိရသည်။

“ကေတီဗီကို စခ ၊ ရခ ၇ ယောက် ရောက်နေတယ်ဆိုတာ ကျနော်တို့ သတင်းရရှိတာနဲ့ ကျနော်တို့ သွားရောက် စီးနင်းတိုက်ခိုက်တာ ခင်ဗျ။ ၇ ယောက်စလုံး သေဆုံးခဲ့ပါတယ်။ ရဲစခန်းနဲ့တော့ အရမ်းနီးတာခင်ဗျ။ အကွာဆိုရင်တော့ ၂ ဖာလုံ ၃ ဖာလုံလောက်ပဲ ကွာမယ်ခင်ဗျ။ သူတို့ကတော့ တစ်ယောက်မှ ကျနော်တို့ကို counter မပြန်နိုင်ဘူးခင်‌ဗျ။ သူတို့က အခန်းကျဉ်းလေးထဲမှာ ကျနော်တို့ စုလည်းပစ်ပြီးရော ၇ ယောက်စလုံး အပုံလိုက်ပါပဲ”ဟု နတ်စစ်သည်တပ်ဖွဲ့မှူး ကိုအောင် က MPA သို့ပြောသည်။

ယင်းတိုက်ခိုက်မှုအပြီးတွင် G3 သေနတ် တစ်လက် ၊ ကျည်ဘောက် ၅ ခု ၊ ဓားမြှောင် ၃ ချောင်း ၊ ကျည်အတောင့် ၈၀ ၊ Equipment ၂ စုံ နှင့် လက်ထိပ် တစ်စုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“သူတို့က စစ်ကူကတော့ ချက်ချင်းရောက်လာတယ်။ အဲ့ဒါကို ကျနော်တို့ဘက်က ဒီဘက်က 40 (၄၀ မမလက်နက်ကြီး) နဲ့ပစ်ခတ်ပြီး ဟန့်တားထားနိုင်ခဲ့ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ရဲနှင့်စစ်သား ၇ ဦး၏ အလောင်းများကို ရဲစခန်းကပင် လာသယ်သွားကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို နတ်စစ်သည်တပ်ဖွဲ့နှင့် ကြို့ပင်ကောက် BTZM GBK-PDF တို့ပူးပေါင်း ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

ရဲနှင့် စစ်သားတို့၏ သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။

စာတည်း-ML