ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့အဝင်ဂိတ်ကို PDF တို့ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ၅ ဦးသေဆုံးကြောင်း သိရသည်။
နိုဝင်ဘာ ၂၃ ရက်၊ နံနက် ၁၀ နာရီကျော် ကြို့ပင်ကောက်မြို့၏အရှေ့ဘက် မီတာ ၃၀၀ ခန့်အ ကွာရှိ သဲကုန်းစစ်ဆေးရေးဂိတ်ကို PDFတပ်များက ရှောင်တခင်ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရဲတစ်ဦးနှင့် ပျူစောထီး ၄ ဦး သေဆုံးခဲ့ပြီး သေနတ် ၃ လက် ရရှိခဲ့ကြောင်း သိရသည်။
” စစ်ဆေးရေးဂိတ်က လူတော့ သိပ်မရှိပါဘူး။ ၆ ယောက်၊ ၇ ယောက်လောက်ပဲရှိတာ။ အပြန်အလှန် ပစ်ကြတာ ၁၀ မိနစ်လောက်တော့ ကြာတယ်။ ရဲတစ်ဦးနဲ့ ပျူ ၄ ဦး သေဆုံးတယ်လို့ သိရတယ်” ဟု ကြို့ပင်ကောက်မြို့ စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် ကြို့ပင်ကောက်မြို့ပေါ်မှ စစ်သားများ နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးနေကြောင်း သိရသည်။
” မနေ့က အင်အား ၂၀ လောက်နဲ့ စစ်ကြောင်းထွက်နေတယ်။ တိုက်ခိုက်ခံရတဲ့ဂိတ်က မြို့ကနေ ကျီစုရွာဘက်ကို ထွက်တဲ့ဘက်ဆိုတော့။ အဲဒီဝန်းကျင်တွေကိုဗျ။ ခု မနက်တော့ စစ်ကြောင်း ဘယ်ရောက်နေလဲ၊ ပြန်ပြီလား မသိရသေးဘူးဗျ ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုနှင့် ပက်သက်၍ သက်ဆိုင်ရာ တော်လှန်ရေးတပ်များက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ရဲနှင့်ပျူစောထီးတို့သေဆုံးခဲ့ခြင်းကို စစ်ကော်မရှင် ဝါဒဖြန့်တယ်လီဂရန်ချန်နယ်များတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားကြောင်း တွေ့ရသည်။
ကြို့ပင်ကောက်မြို့တွင် မြို့အဝင်အထွက်ဂိတ် ၆ဂိတ် ရှိကြောင်း သိရသည်။
စစ်အုပ်စုဝင်များ သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
