စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ရှိ ဆေးရုံကို စစ်တပ်က ဗုံးကြဲပြီးနောက် NUG/KIA ဌာနချုပ်၊ PDF စခန်းဟူ၍ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအတုများ ဖြန့်ဝေထားကြသည်။
“Truth Media” တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီ ၁၁ မိနစ်တွင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာရှိ NUG ဆေးရုံနှင့် PDF စခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ရာ PDF ခြောက်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရေးသားဖြန့်ဝေထားသည်။
မူရင်းသတင်းအမှားလင့်ခ် >>> https://archive.ph/0PbA1
“People Media” တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီ ၃၉ မိနစ်တွင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာအနီးရှိ NUG/KIA ဌာနချုပ်ကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲရှင်းလင်း ခဲ့ရာ PDF အများအပြား သေဆုံးကြောင်း ရေးသားဖြန့်ဝေထားသည်။
မူရင်းသတင်းအမှားလင့်ခ် >>> https://archive.ph/9O5tN
အဆိုပါ အကြောင်းအရာများကို အခြား စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများကို Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ် သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအတုဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
Google တွင် “တန့်ဆည် ကံထူးမဆေးရုံ ဗုံးကြဲခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “Mandalay Free Press, The Irrawaddy, DVB” အပါအဝင် အခြား သတင်းမီဒီယာများက သတင်းဖော်ပြထားသည်။
သတင်းမီဒီယာများတွင် နိုဝင်ဘာ ၂၄ ရက် နံနက် ၁ နာရီ ဝန်းကျင်၌ စစ်ကိုင်းတိုင်း၊ တန့်ဆည်နယ် ကံထူးမရွာ ရှိ ဆေးရုံနှင့် နောက်ကျောကပ်လျက် ကားဘော်ဒီရုံကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့ကြောင်း၊ ဆေးရုံဝင်းအတွင်းရှိ ဓာတ်မှန်ဆောင်နှင့် ကားဘော်ဒီရုံတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဗုံးဒဏ်ကြောင့် ကားဘော်ဒီရုံရှိ အလုပ်သများ ခြောက်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများ ရှိကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာလတုန်းကလည်း ကံထူးမရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူတစ်ဒါဇင်ကျော် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း ဒေသခံအသံများနှင့်တကွ ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
Mandalay Free Press – https://bitly.cx/zw3Jq
The Irrawaddy – https://bitly.cx/13gg
DVB – https://bitly.cx/iLp6p
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ကံထူးမရွာရှိ ဆေးရုံနှင့် ကားဘော်ဒီရုံကို စစ်တပ်က လေကြာင်းကနေ ဗုံးကြဲခဲ့ရာ အရပ်သား ခြောက်ဦး သေဆုံးကြောင်း ရေးထားသည်။
ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များက “ကံထူးမရွာရှိ PDF စခန်းကို ဗုံးကြဲရာ အများအပြားသေဆုံး” ဟု ပြည်သူသေဆုံးမှုအား PDF သေဆုံးဟူ၍ သတင်းအတု ဖြန့်ဝေထားခြင်း ဖြစ် သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
