ပေါက်သို့ စစ်ကြောင်းထိုးနေသောတပ်မှ စစ်မှုထမ်းတပ်သားတစ်ဦး လက်နက်နှင့် အလင်းဝင်

ဓာတ်ပုံ - အညာ‌မြေ တပ်ပေါင်းစု
ပုံစာ - အလင်းဝင်ရောက်လာသည့် တပ်သားနှင့် ၎င်းယူဆောင်လာသည့် လက်နက်များ

မကွေးတိုင်း ၊ ပေါက်မြို့နယ်သို့ ဝင်နေသောစစ်ကြောင်းမှ စစ်မှုထမ်းတပ်သားတစ်ဦး လက်နက်နှင့်တကွ အလင်းဝင်လာကြောင်း သိရသည်။

ပေါက်နှင့်မြိုင်မြို့နယ်ကြား ရောက်နေသည့် စစ်ကြောင်းတွင် ပါလာသည့် အသက်၂၆နှစ်အရွယ်ရှိ တပ်သားပြည့်စုံဟိန်းသည် နိုဝင်ဘာ၂၃ရက်က အလင်းဝင်လာခြင်းဖြစ်ကြောင်း အညာမြေတပ် ပေါင်းစု က ထုတ်ပြန်သည်။

“ဇာတိက ကျောက်ဆည်မြို့နယ်ထဲကပါ။ သူဟာ ကျောက်ဆည်၊ဘယ်လင်း(ရွာ)မှာပေါ်တာဆွဲခံခဲ့ ရပါ တယ်။ညဘက် အလုပ်ကအပြန်ဆွဲခံရတာလို့ သိရပါတယ်။ဘယ်လင်း စစ်သင်တန်းကျောင်းမှာပဲ တက်ခဲ့တယ်လို့သိရပါတယ်။သူက ဘယ်လိုဆက်လက်ရပ်တည်မယ်ကို ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး”ဟု အညာမြေတပ်ပေါင်းစု ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က MPA သို့ပြောသည်။

ယင်းတပ်သားသည် MA1 သေနတ် တစ်လက် ၊ ကျည် ၄၂၀ ၊ ၄၀ မမ ၆ လုံး ၊ ကျည်ဘောက် ၇ ခု ၊ အီနာဂါ ၂လုံးနှင့် လက်ပစ်ဗုံး ၂ လုံး ယူဆောင်၍ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၁၆ ရက်မှ စတင်၍ မြိုင်မြိုနယ် ၊ စက်မှု ၂ မှထွက်လာသည့် စစ်ကြောင်းတွင် ယင်းတပ်သား ပါဝင်ပြီး ပေါက်နှင့်မြိုင်အစပ်သို့ ရောက်ချိန်၌ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် စစ်မှုထမ်းအပတ်စဉ် ၁၅ သင်တန်းဆင်းဖြစ်ကာ တပ်မ ၉၉ လက်အောက်ခံ ခလရ ၄၁၈ တပ်ရင်း၌ တာဝန်ထမ်း‌ဆောင်ခဲ့သည်။