PDF ၂ ဦး လက်နက်ချပြီးနောက် စစ်ကိုင်းနယ် တော်လှန်ရေးစခန်းများသို့ စစ်တပ် စစ်ကြောင်းထိုးလာ

ဓာတ်ပုံ - Generation Z Power - GZP (Mandalay)
ပုံစာ - လက်နက်ချသွားသည့် PDF ၂ ဦး

PDF ၂ ဦး လက်နက်ချသွားပြီးနောက် စစ်ကိုင်းနယ်အတွင်းရှိ တော်လှန်ရေးစခန်းများဘက်သို့ ဦးတည်ကာ စစ်တပ်က စစ်ကြောင်းထိုးလာနေကြောင်းသိရသည်။

နိုဝင်ဘာ ၂၁ရက်တွင် တောင်ပြုံး (ခေါ်) မျိုးခန့်ကျော်နှင့် မှေးကြီး (ခေါ်) အောင်ကောင်းမြတ်တို့သည် စစ်တပ်ဘက်သို့ အညံ့ခံလက်နက်ချသွားပြီးနောက် တော်လှန်ရေး ရဲဘော်များကိုလည်း ဘက်ပြောင်းရန် လိုက်လံပြောဆို စည်းရုံးနေကြောင်း Generation Z Power – GZP (Mandalay) အဖွဲ့က သတင်းထုတ်ပြန်သည်။

” စကစ က မြူဆွယ် မက်လုံးပေး ဆိုက်ဝါးထည့်ပြီး အဆက်သွယ်လုပ် ပြီးမှောင်ရိပ်ဝင်သွားတာဗျ။ အပျော်အပါးနဲ့ ငွေရေးကြေးရေး နဲ့ မက်လုံးပေးမြူဆွယ်ပါတယ်။ စကစ ကို ယုံစားသွားတဲ့ သဘောပေါ့ဗျာ” ဟု Generation Z Power – GZP (Mandalay)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းသို့ လက်နက်ချသွားပြီးနောက် စစ်ကိုင်းနယ်အတွင်းရှိ PDF စခန်းများ တည်ရှိ‌ရာနေရာများသို့ ဦးတည်စစ်ကြောင်းထိုးနေသော်လည်း စခန်းများ စီးနင်း ဖျက်ဆီးခြင်းမခံရသေးသလို နေရာများကိုလည်း ရွှေ့ပြောင်းထားကြောင်းသိရသည်။

” ဒါက ကျနော်တို့ ယာယီတပ်စခန်းအချို့ပေါ့။ ဝင်သွားတဲ့သူတွေ သိတဲ့ စခန်းနေရာ‌တွေကို ဦးတည် စစ်ကြောင်းထိုးတာတွေရှိတယ်။ ထပ်သိရတာက ကျနော်တို့တင်ထားတဲ့အတိုင်းပဲ နောက်ထပ် တလရ ရဲဘော်တွေကို ထပ်ခေါ်နေတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

၎င်းတို့နှစ်ဦး လက်နက်ချသွားသည့် စစ်တပ်စခန်းနှင့် လက်ရှိ ၎င်းတို့ရောက်ရှိနေသည့်နေရာကို စုံစမ်းနေဆဲဖြစ်ကြောင်းသိရသည်။