မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ၃ရက်အတွင်း အမျိုးသား၁၄ဦးထက်မနည်းကို စစ်တပ်က စစ်မှုထမ်းအတွက် ပေါ်တာဆွဲခဲ့ ကြောင်း သိရသည်။
စစ်တပ်သည် စက်တင်ဘာ ၁ရက်မှစတင်ကာ ဝမ်းတွင်းမြို့နယ် နေရာအနှံ့အပြားတွင် လူသစ်စုဆောင်းမှုများ ထပ်မံပြုလုပ်လာကြောင်း Voice of Wundwin အဖွဲ့ထံက သိရသည်။
” စစ်မှုထမ်းအပတ်စဉ်ဖွင့်ပြီးရင် သူတို့ခဏနားတယ်။ နောက်အပတ်စဉ်မဖွင့်ခင်ပြန်ဆွဲတာ။ ပုံမှန်ပဲ သူတို့အပတ်စဉ်လူပြည့်ဖို့ လိုက်ဆွဲထည့်တာမျိုး။ အဲ့ကြားထဲ အဲ့စစ်မှုထမ်းနဲ့ရောပြီး ငွေရပေါက်ကြီးပါ ဖြစ် နေတာလေ။ သူတို့(စစ်ကော်မရှင်)အတွက်က” ဟု Voice of Wundwin အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က MPA သို့ပြောသည်။
ယခုလ ၁ရက်မှ ၃ရက်အတွင်း ဝမ်းတွင်းမြို့နယ်၊ သုံးဒေါင့်အိုင်မှ တစ်ဦး၊ သီးကုန်းမှ တစ်ဦး၊အောင် သာမှ တစ်ဦး၊ တောင်ဆည်မှ နှစ်ဦး၊ ခံဘဲ့မှ တစ်ဦး၊ အင်းကုန်းမှ တစ်ဦး၊ ကုက္ကိုလ်ခါးလှမှ တစ်ဦး၊ ကန်ပတ်လည်မှ နှစ်ဦး၊ စမုံမှ တစ်ဦး၊ ဒိုင်ကောင်းကုန်မှ နှစ်ဦးနှင့် သဖန်းရွာမှ တစ်ဦးတို့ကို စစ်တပ်က ပေါ်တာဆွဲခဲ့သည်။
” ဒီကောင်တွေက လမ်းပေါ်တွေ့တဲ့လူဆွဲတာ။ တော်တော်များများက ပါသွားတာကို မသိကြလို့ သတင်းမသိရဘူး။ တကယ်အဆွဲခံရတာကအများကြီး။ အဲ့ဘက် ချောတအားဆွဲနေလို့ လူတွေ သိပ် အပြင်မထွက်ရဲကြဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ပေါ်တာဆွဲခံရသူများကို မိတ္ထီလာသို့ပို့ပြီး ရှမ်းပြည်နယ်ဘက်ရှိ စစ်သင်တန်းကျောင်းများသို့ ညတွင်းချင်းပို့လေ့ရှိကြောင်း သိရသည်။
ပြီးခဲ့သည် ဇွန်လ ၂၅ရက်မှ ဩဂုတ်လလယ်အထိ စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံရသည့် အမျိုးသား ၁၀၀ကျော်ရှိကြောင်း သိရသည်။
အဓမ္မစစ်မှုထမ်းသင်တန်းအပတ်စဉ်၁၆ကို ဩဂုတ်၁၉ရက်တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
