” ဒီတော်လှန်ရေးကြီး ပြီးသွားရင်တော့ ကျတော် ကွင်းထဲမှာ ခြေချချင်သေးတယ်။ ကစားသမားအနေနဲ့ပဲဖြစ်ဖြစ် နောက်ဆုံး နည်းပြအနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ သေချာတာကတော့ ကျတော် ကစားသမားအနေနဲ့ တစ်ပွဲလောက်တော့ ကန်ချင်သေးတယ်ဗျ။ ” ဟု CDM ဘောလုံးသမား ကို ဇွန်မိုးအောင် က ၎င်း၏ ဆန္ဒကို လေးလေးနက်နက်ပြောသည်။
အသက် ၃၄ နှစ်အရွယ်၊ မြန်မာ့လက်ရွေးစင် ဘောလုံးသမားတစ်ဦးဖြစ်သည့် ကိုဇွန်မိုးအောင် သည် မြန်မာ့ဘောလုံးလောက၏ အောင်မြင်မှု မှတ်တိုင်များကို စိုက်ထူခဲ့ဖူးသည့် ကစားသမားတစ်ဦးဖြစ်သည်။
သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုက ၎င်း၏ အိပ်မက်လမ်းကြောင်းအားလုံးကို အဆုံးသတ်စေခဲ့သည်။
ဘယ်တောင်ပံ တိုက်စစ် အားသန်သူ၊ ဘယ်သန် ကစားသမားဖြစ်သည့် ကိုဇွန်မိုးအောင်သည် သဘင်မျိုးရိုးမှ ဆင်းသက်လာသော်လည်း ငယ်စဉ်ကတည်းက မြန်မာ့လက်ရွေးစင် ဘောလုံးသမားဖြစ်ရန်သာအိပ်မက် မက်ခဲ့သူ ဖြစ်သည်။
” စစ်တပ်အာဏာသိမ်းမှုနှင့် ကို ဇွန်မိုးအောင်၏ CDM ခံယူချက် “
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ တစ်ရက်နေ့တွင် ပြည်သူလူထုတင်မြှောက်ထားသည့် ရွေးကောက်ခံ NLD အစိုးရကို စစ်တပ်က ဖြုတ်ချပြီး မတရားသဖြင့် အာဏာသိမ်းယူခဲ့ခြင်းကို မြန်မာပြည်သူများ သိရှိပြီး ဖြစ်သလို ယနေ့အထိ အာဏာသိမ်းခံရခြင်း၏ အကျိုးဆက်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခံစားနေကြရသည်။
အဆိုပါ အာဏာသိမ်းမှုဖြစ်စဉ်တွင် စစ်တပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် ထိပ်ပိုင်းနိုင်ငံရေးခေါင်းဆောင်များကို မတရား ဖမ်းဆီးခဲ့သည့်အတွက် မြန်မာပြည်သူတစ်ရပ်လုံး လူကြီး၊ လူငယ်၊ ကလေးများပါမကျန် စစ်တပ်အသိုင်းအဝိုင်းနှင့် ပတ်သက်သည့် လူတစ်စုကလွဲ၍ ပြည်သူများအားလုံးနီးပါး လမ်းပေါ်ထွက် ဆန္ဒပြကြကာ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည်။
ကိုဇွန်မိုးအောင် သည်လည်း စစ်တပ်အာဏာသိမ်းမှုကို လက်မခံသည့် မြန်မာပြည်သူများထဲမှ တစ်ဦး အပါအဝင်ဖြစ်ပြီး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သလို ဘောလုံးသမားတစ်ဦးအနေဖြင့် တတ်နိုင်သည့် CDM လှုပ်ရှားမှုကို စတင်ခဲ့သည်။
“ကျတော် လုပ်ပေးနိုင်တာက စစ်အာဏာရှင်လက်အောက်မှာ ဘောလုံးဆက်မကစားတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ချခဲ့တာပါ” ဟု ၎င်းက ဆိုသည်။
စစ်အာဏာရှင်လက်အောက်တွင် ဘောလုံးဆက်မကန်တော့ကြောင်း ပထမဆုံး စတင်ကြေညာခဲ့သူများထဲတွင် ကိုဇွန်မိုးအောင် ပါဝင်ခဲ့သည်။
မန္တလေးတွင် ညီမငယ်တစ်ဦး ပစ်ခတ်ခံရခြင်းနှင့် ဟံသာဝတီ ယူ-၂၁ မှ ညီငယ် ချစ်ပိုပိုငြိမ်း အသက်ဆုံးရှုံးခဲ့ရခြင်းတို့က ၎င်း၏ CDM ခံယူချက်ကို ခိုင်မာစေခဲ့သည်။
လက်ရှိအချိန်အထိ ၎င်းနှင့်အတူ CDM တွင် ခိုင်ခိုင်မာမာ ရပ်တည်နေသည့် အသင်းဖော်များမှာ ဆီးဂိမ်းစ်(SEA Games) ကစားဖော် ကိုရှိုင်းသူရ၊ ရန်ကုန် ယူနိုက်တက်မှ ကိုဆက်ဖြိုးဝေ၊ ကိုကောင်းဆက်နိုင်၊ ရတနာပုံ ယူနိုက်တက်မှ ပြည့်လျှံအောင် (ဂျပန်တွင် လက်သုံးချောင်းထောင်၍ CDM စတင်ခဲ့သူ) နှင့် မြေပြင်တော်လှန်ရေး UG အဖွဲ့တွင် ပါဝင်နေသည့် ထိပ်တန်းဂိုးသွင်းရှင် လက်ရွေးစင် တိုက်စစ်မှူး ကိုဝင်းနိုင်စိုး တို့ ဖြစ်သည်။
” ဘောလုံးသမားဘဝ ဖြတ်သန်းခဲ့မှုနှင့် ဘောလုံး လက်ရွေးစင် အိပ်မက်ကို အကောင်အထည်ဖော်ခဲ့ခြင်း “
ကို ဇွန်မိုးအောင်သည် professional ဘောလုံးကစားသမားအဖြစ် ၂၀၀၉ ခုနှစ်မှစ၍ အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်အထိ ၁၂ နှစ်တာ ဖြတ်သန်းခဲ့သူဖြစ်သည်။
” ကျတော် လက်ရွေးစင်ဘောလုံးသမားဖြစ်ဖို့ ကျောင်းသားဘဝကတည်းက ဘောလုံးကန်တယ်။ ၃ တန်းနှစ်လောက်
ကတည်းက ကျောင်းသားပွဲလေးတွေ ကစားနေပြီ။ ၁၀ တန်း အထိ ကစားခဲ့တယ်။ ၁၀ တန်းပြီး ၂၀၀၉ လောက်ကနေ ကျတော် ဘောလုံးလောကထဲကို ပစ်ဝင်လာတာပါ ” ဟု ကိုဇွန်မိုးအောင်က ဆိုသည်။
၃ တန်းအရွယ်မှ စတင်၍ ဘောလုံးကို စွဲလမ်းခဲ့သော ကိုဇွန်မိုးအောင်သည် ၂၀၀၉ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက် အကယ်ဒမီ လူရွေးပွဲ၌ ဝင်ရောက်အရွေးချယ်ခံခဲ့ပြီး အကယ်ဒမီ တက်ရောက်ခွင့် ရရှိခဲ့သည်။ နှစ်နှစ်တာ ပညာသင်ပြီးနောက် မြန်မာနေရှင်
နယ်လိဂ် (MNL) အရံအသင်းပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက် အရံအသင်းနှင့်အတူ မရှုံးပွဲဖြင့် ချန်ပီယံဖလားကို ရယူနိုင်ခဲ့သည်။
” အရံအသင်းဆိုပေမယ့် အဲဒီအချိန်က စီနီယာ ကစားသမားအချို့ဖြစ်တဲ့ ကြည်လင်း၊ အောင်သိုက်တို့နဲ့ တွဲကစားခဲ့ရပြီး ရှုံးပွဲမရှိ ချန်ပီယံဖလားကို ရယူနိုင်ခဲ့ကြပါတယ်။ ” ဟု ၎င်းက ဆိုသည်။
သို့သော်လည်း စီနီယာအသင်းတွင် နေရာရရန် ခက်ခဲခဲ့သဖြင့် ၂၀၁၀ မှ ၂၀၁၃ ခုနှစ်အထိ ဇွဲကပင်ယူနိုက်တက်အသင်းသို့ အငှားသွားရောက်ကစားရင်း အတွေ့အကြုံများ ရှာဖွေခဲ့သည်။
၅ နှစ်နီးပါး အပြင်းအထန် ကြိုးစားခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်၊ ရာသီအကုန်တွင် ရန်ကုန်ယူနိုက်တက် အသင်းကြီးမှ ပြန်လည်ခေါ်ယူခြင်း ခံခဲ့ရသလို၊ တရုတ်တိုင်ပေ၌ ကျင်းပမည့် အာရှ ယူ-၂၂ ခြေစစ်ပွဲ အတွက် မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။
၂၀၁၅ ခုနှစ်တွင်လည်း စင်ကာပူ ဆီးဂိမ်းစ် (SEA Games) ပြိုင်ပွဲ၌ မြန်မာ ယူ -၂၃ လက်ရွေးစင်အဖြစ် ထပ်မံရွေးချယ်ခံခဲ့ရသည်။ ဆီးဂိမ်းမှ ပြန်လာပြီးနောက် ငယ်စဉ်ကတည်းက ကစားလိုခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းတွင် ပွဲထွက်ခွင့် ၉၀ရာခိုင်နှုန်း အထိ ရရှိခဲ့ပြီး ထိုနှစ်တွင်ပင် မြန်မာနေရှင်နယ်လိဂ် (MNL) ချန်ပီယံဖလားကို ရယူနိုင်ခဲ့သည်။
၂၀၁၈ ခုနှစ်တွင် ကစားသည့်နေရာတူ မောင်မောင်လွင် ရောက်ရှိလာခြင်းကြောင့် ပွဲထွက်ခွင့် နည်းပါးခဲ့သဖြင့် ဇွဲကပင်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။
၂၀၂၀ ရာသီတွင် စစ်ကိုင်းယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး COVID-19 ကာလ၌ပင် ဆူဇူကီးဖလား ပြိုင်ပွဲ ကစားခွင့် ရရေးအတွက် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သည်။
အာဏာမသိမ်းမီ ၂၀၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပဏာမ လူစာရင်းအထိ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်း၏ပြည်ပထွက်ကစားလိုသည့် အိပ်မက်သည်လည်း အကောင်အထည်ပေါ် လုနီးပါး ဖြစ်နေခဲ့သည်။
လက်ရှိ စစ်အာဏာရှင်လက်အောက်တွင် ဘောလုံးဆက်လက်ကစား၍ ရပ်တည်နေကြသည့် အသင်းဖော်ဟောင်းများနှင့် ပတ်သက်၍ ” ဟိုဘက်မှာ ကျန်နေခဲ့တဲ့ လူတွေနဲ့ကျတော့ ပွင့်ပွင့်လင်းလင်းပြောရရင် လုံးဝအဆက်အသွယ်ပြတ်သလောက်
ဖြစ်သွားပြီ။ ” ဟု ကိုဇွန်မိုးအောင်က ဆိုသည်။
” CDM ပြုလုပ်ပြီးနောက် ရင်ဆိုင်ခဲ့ရသည့် အခက်အခဲများနှင့် ရှင်သန်ရေးအတွက် ရုန်းကန်ခဲ့ရမှုများ “
ကိုဇွန်မိုးအောင် အနေဖြင့် CDM လှုပ်ရှားမှုကြောင့် အဓိက ရင်ဆိုင်ခဲ့ရသည်မှာ “အဖမ်းမခံရအောင်ရယ်၊ ဘယ်လိုအသက်ရှင်အောင် နေရမလဲဆိုတဲ့ ဖိအားတွေ” ပင်ဖြစ်သည်။
ကို ဇွန်မိုးအောင် သည် အာဏာသိမ်းပြီး ၂ လ၊ ၃ လခန့်အကြာတွင် ရခိုင်ဘက်သို့ တိမ်းရှောင်နေစဉ် ၎င်း၏ နေအိမ်အား စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သည်။
” အိမ်ကို ဝင်စီးပြီး ၂ ရက်လောက်မှာ အမေတို့ကလည်း အိမ်မှာ မနေတော့ဘူး။ အမေရယ်၊ အဖေရယ်၊ ညီမလေးရယ်၊ တူမလေးရယ်ပေါ့။ ပဲခူးဘက်က အသိဆီမှာ သွားရှောင်တယ်။ အဲ့ချိန်မှာ ကျတော်လည်း အိမ်ကို ပြန်လာလို့ မရတော့ဘူး။ ” ဟု ကိုဇွန်မိုးအောင်က ဆိုသည်။
၎င်း နေအိမ်တွင် မရှိခဲ့သည့်အတွက် ဖမ်းဆီးခံရမည့် ဘေးမှ လွတ်မြောက်ခဲ့ပြီး မိသားစုသည်လည်း ပိုင်ဆိုင်မှုများ စွန့်ကာ ပဲခူးဘက်သို့ ရှောင်တိမ်းခဲ့ရသည်။
မိသားစုအခြေအနေနှင့် ပတ်သက်၍လည်း ” ကျတော်တို့က တစ်မိသားစုလုံးကိုက တော်လှန်ရေးမှာ ပါဝင်တဲ့သူတွေပါ။ အာဏာစသိမ်းပြီ ဆိုကတည်းက အိမ်တွေ ပိုင်ဆိုင်မှုတွေကို ထားခဲ့ပြီးတော့ ရှောင်ရတိမ်းရတာမျိုးတွေရှိတော့ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေအောင် ဖေးဖေးမမနဲ့ နေကြရတာပေါ့” ဟု ဆိုသည်။
ကိုဇွန်မိုးအောင်၏ မိသားစုဝင် ညီအစ်ကို အရင်းဖြစ်သူတို့သည်လည်း လက်ရှိအချိန်အထိ နွေဦးတော်လှန်ရေးတွင် ထဲထဲဝင်ဝင် ပါဝင်နေကြသည့် နာမည်ကြီး ဟာသလူရွင်တော် ဟားငါးကောင်အဖွဲ့မှ ကိုတိုင်းကျော်နှင့် ကိုပြည်ကျော်တို့ ဖြစ်သည်။
ယင်း အခြေအနေများကြောင့် ကိုဇွန်မိုးအောင်သည်လည်း ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ ပင်လယ်ကမ်းရိုးတန်း ရွာလေးတွင် သုံးလေး လခန့် တိမ်းရှောင်ခဲ့ရသည်။
ထို့နောက် ရန်ကုန်သို့ ပြန်လာသည့်အခါတွင်လည်း NUG ၏ D-Day ကြေညာသည့်နေ့နှင့် တိုက်ဆိုင်ခဲ့သဖြင့် ရန်ကုန်မှ တစ်ဆင့် ကရင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ကရင်ပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၏ နယ်မြေများတွင် ဘောလုံးပြိုင်ပွဲများ ကစားရင်း အသက်မသေအောင် ရှောင်တိမ်းနေထိုင်ခဲ့ရသည်။
” ရန်ကုန်ရောက်ရောက်ချင်းပဲ ကရင်ပြည်နယ်မှာ ဘောလုံးပြိုင်ပွဲတွေ ပေါတော့ သူငယ်ချင်းမိသားစုတွေဆီ ထွက်လာလိုက်တာပါ “ဟု ကို ဇွန်မိုးအောင်က အခြေအနေကို ရှင်းပြသည်။
ထိုဒေသခံ တိုင်းရင်းသားများကလည်း CDM သမားဖြစ်သည့်အတွက် စေတနာဖြင့် ကူညီစောင့်ရှောက်ခဲ့ကြသည်ဟု ဆိုသည်။
” တော်လှန်ရေးဘက်ကို ထောက်ခံတဲ့ ပြည်သူတွေကတော့ အကိုတို့ကို အမြဲတမ်း အားပေးတယ်။ ချစ်ခင်တယ်။ တတ်နိုင်တာတွေ ကူညီပေးတယ်။ ” ဟူ၍လည်း ၎င်းက ပြောသည်။
“ထိုင်းသို့ ရွှေ့ပြောင်းပြီးနောက် တော်လှန်ရေးတွင် ဆက်လက်ပါဝင်နေမှု “
ကိုဇွန်မိုးအောင် သည် ထိုင်းနိုင်ငံသို့ ရောက်ရှိသည်မှာ ၃ နှစ်ကျော် ၄ နှစ်နီးပါး ရှိပြီဖြစ်ပြီး ထိုင်းရောက် CDM ကစားသမားတစ်ဦးအနေဖြင့် တော်လှန်ရေးအတွက် ရန်ပုံငွေ ဘောလုံးပွဲများ ကျင်းပခြင်း၊ ဝင်ရောက်ကစားပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။
” ထိုင်းကို စရောက်ပြီး ၁ နှစ်လောက်မှာ ထိုင်း league 2 အသင်း စာမူပရာကန် စီးတီး ဆိုတဲ့အသင်းနဲ့ ကျတော် contract ရတယ်။ ဒါပေမဲ့ ပြသာနာက အပေါ်လမ်းက လာတာမဟုတ်တော့ Passports မရဘူး။ Passports မရတော့ ကျတော် ကစားခွင့်မကြုံလိုက်ဘူးပေါ့နော်။ ” ဟု ကိုဇွန်မိုးအောင်က ဆိုသည်။
လက်ရှိတွင် ကိုဇွန်မိုးအောင် သည် သူငယ်ချင်းများနှင့်အတူ G-Z အမည်ဖြင့် အပျော်တမ်း ဘောလုံးအသင်းငယ်လေးကို တည်ထောင်ထားပြီး အပျော်တမ်းကြေးစား ဘောလုံးသမားဘဝဖြင့်သာ ရပ်တည်နေရသည်။
” တချို့ပြိုင်ပွဲအကြီးတွေမှာရတဲ့ ဆုကြေးတွေကို ဆုကြေးထဲက ကျတော်တတ်နိုင်တာလေးတွေပေါ့၊ အရမ်းအများကြီးတော့ မဟုတ်ဘူး၊ တချို့တစ်ဝက် ကျတော် ပြန်လည်လှူဒါန်းပေးတာမျိုးလေးတွေရှိပါတယ် ” ဟု ကိုဇွန်မိုးအောင်က ဆိုသည်။
” ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ “
ပရော်ဖက်ရှင်နယ်ဘဝမှ အပျော်တမ်းသို့ ကူးပြောင်းရခြင်းကြောင့် ပုံမှန်ဝင်ငွေမရှိခြင်း၊ အသက်အန္တရာယ်ကြောင့် ပြည်တွင်းမှ ဆုကြေးကြီး ပြိုင်ပွဲများ မကန်နိုင်ခြင်းတို့ကြောင့် စိတ်ဓာတ်ကျရသည်များ ရှိသော်လည်း CDM လမ်းကို ရွေးချယ်ပြီးသည့်အတွက် အဆုံးထိ ဆက်လျှောက်သွားရန် ဆုံးဖြတ်ထားသူ ဖြစ်သည်။
” သူများတွေကတော့ ပြိုင်ပွဲတွေ ကစားနေတဲ့အချိန်မျိုး၊ နောက်တစ်ခုက ပြည်တွင်းမှာ league သဘောမျိုး မဟုတ်ဘဲနဲ့ တခြားပြည်တွင်းက ဆုကြေးကြီး ပြိုင်ပွဲတွေက ကိုယ်တွေကို ဖိတ်တယ်၊ ခေါ်တယ် ဆိုရင်တောင်မှ ကိုယ်တွေမှာ ကစားခွင့်မရှိဘူး။ ဘယ်လိုပြောမလဲ ကိုယ့်အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် ကစားရဖို့က အဲ့လို အခက်အခဲမျိုးလေးတွေ ရှိတယ်။ ” ဟု ကိုဇွန်မိုးအောင်က ၎င်း၏ ခံစားချက်ကို ပြောပြသည်။
သို့သော်လည်း ကိုဇွန်မိုးအောင် အနေဖြင့် စစ်အာဏာရှင်လက်အောက်၌ ဘောလုံးဆက်မကစားသည့် CDM ဆုံးဖြတ်ချက်
လောက်ကိုသာ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း အနီးပတ်ဝန်းကျင်ရှိ ညီအစ်ကိုအချို့မှာမူ တော်လှန်ရေးအတွက် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများ၊ အသက်များပါ စွန့်လွှတ်ရင်းဖြင့် ယခု နွေဦးတော်လှန်ရေး ငါးနှစ်တာ ကာလပတ်လုံး မြေပြင်တိုက်ပွဲများတွင် အစွမ်းကုန် ကြိုးပမ်းပါဝင်နေကြဆဲ ဖြစ်သည့်အတွက် ထိုသူရဲကောင်းများနှင့် ယှဉ်ကြည့်ပါက ၎င်း လုပ်ဆောင်ခဲ့သည့် အရာများသည် ဘာမျှမဟုတ်၊ သေးသေးမွှားမွှားလေးများသာ ဖြစ်သည်ဟု ဆိုသည်။
” ကိုယ့်နိုင်ငံလည်း ပြန်လို့မရ အဲ့လိုအခြေအနေမျိုးတွေ ဖြစ်တဲ့ အချိန်မှာတော့ စိတ်ဓာတ်ကျတာမျိုးတွေ ရှိတယ်။ စိတ်ဓာတ်ကျပေမယ့်လည်း ကျတော် ရှေ့မှာပြောခဲ့သလိုပေါ့၊ ငါရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ပြသာနာတွေက ဘာမှမဟုတ်ဘူးဆိုတဲ့ စိတ်မျိုးနဲ့ပဲ အားပြန်တင်းပြီးတော့ အခုအချိန်အထိ ကျွန်တော် ဆက်လျှောက်နေတာပါဗျ။ ” ဟူသော စိတ်ဖြင့် အားပြန်တင်းနေသည်ဟု ၎င်းက ပြောသည်။
” ရွှေ့ပြောင်း မျိုးဆက်သစ် လူငယ်တွေကို ဘောလုံးပညာ မျှဝေပေးလိုသည့်သူ “
ကို ဇွန်မိုးအောင် သည် မြန်မာ့ရွှေ့ပြောင်းနှင့် စစ်ဘေးရှောင် ကလေးငယ်များ၊ လူငယ်များကို မိမိတတ်ထားသော ဘောလုံးပညာရပ်များ ပြန်လည်သင်ကြားပေးလိုသည့် စိတ်ဆန္ဒ အမြဲရှိနေသည်ဟု ဖွင့်ဟခဲ့သည်။
” ကိုယ်က ဘောလုံးကနေ လာတာဆိုတော့လေ။ ကိုယ့်မျိုးဆက်သစ် လူငယ်တွေကို တတ်နိုင်သလောက် ပြန်သင်ကြားပေးသွားမယ်၊ ပြန်မျှဝေပေးသွားမယ်ဆိုတဲ့ စိတ်ကတော့ အမြဲတမ်းရှိပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဘတ်ဂျက် အခက်အခဲ၊ ကွင်းငှားရမ်းရမည့် ကိစ္စများနှင့် ကလေးများကို စုစည်းချိတ်ဆက်ရမည့် ကိစ္စများကြောင့် အခက်အခဲများရှိနေသည်။
သို့သော် တစ်ချိန်ချိန်တွင် ထိုအစီအစဉ်ကို လုပ်ဆောင်ဖြစ်မည်ဟု ယုံကြည်ထားပြီး စစ်ဘေးရှောင်ကလေးများအတွက်ဖြစ်စေ၊ စာသင်ကျောင်း၊ ပုဂ္ဂလိကကျောင်းများမှဖြစ်စေ အကူအညီတောင်းလာပါက သင်တန်းပေးရန် အသင့်ရှိကြောင်း ကို ဇွန်မိုးအောင်က ပြောသည်။
” ကျတော့်အနေနဲ့ ကလေးတွေကို သင်တန်းပေးသွားချင်တဲ့ စိတ်ရှိပါတယ်။ အဲ့လိုမျိုးလေးတွေ သင်ပေးပြီဆိုရင်လည်း ကျတော့နောက်မှာ ကူညီပြီးတော့ ကျတော့်ကို Support ပေးမယ့် လူတွေလည်း ရှိပါတယ်။ ” ၎င်းက ဆိုသည်။
” တော်လှန်ရေး ပန်းတိုင်၊ စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးနှင့် ၎င်း၏ မျှော်မှန်းချက် “
ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နွေဦးတော်လှန်ရေးသည် ပြည်သူလူထုတစ်ရပ်လုံး၏ စစ်မှန်သော ဒီမိုကရေစီလိုလားမှုနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းလိုသည့် ပြင်းပြသော ဆန္ဒကို ဖော်ပြနေခြင်းဖြစ်သည်။
” ကျတော် လိုချင်တဲ့ ပန်းတိုင်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီတော်လှန်ရေးကြီးကို မြန်မြန် ပြီးဆုံးချင်တယ်။ ဒီစစ်အာဏာရှင်စနစ် ကျရှုံးပြီးတော့ စစ်မှန်တဲ့ ဒီိမိုကရေစီရချင်တယ်။ ” ဟု ကိုဇွန်မိုးအောင် ကပြောသည်။
ထို့အပြင် အာဏာသိမ်းစစ်တပ်က မတရားသဖြင့် ဖမ်းဆီးထားသည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တော်လှန်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံး လွတ်မြောက်စေလိုသော ဆန္ဒလည်း ပြင်းပြလျက်ရှိသူဖြစ်သည်။
ယခု နွေဦးတော်လှန်ရေး ငါးနှစ်တာ ကာလကို ရောက်လာသည့်တိုင် ကိုဇွန်မိုးအောင်၏ တော်လှန်ရေးအပေါ် ထားရှိသည့်ရပ်တည်ချက်မှာ ရှင်းလင်းပြတ်သားနေဆဲဖြစ်ပြီး ” ဒီတော်လှန်ရေးအတွက် အသက်၊ သွေး၊ ချွေးရင်းပြီး ပါဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေ၊ ပြည်သူလူထုတွေနဲ့ ကျတော် တသားတည်း ရပ်တည်သွားမယ်ဆိုတဲ့ ရပ်တည်ချက်တွေ၊ အဲ့လိုမျိုးစိတ်ပဲ ကျွန်တော့်မှာ ရှိပါတယ်။ ” ဟု ၎င်းက ဆိုသည်။
အာဏာရှင်များ၏ လုပ်ရပ်များသည် ၎င်းတို့လူတစ်စု အာဏာတည်မြဲရေးနှင့် ကောင်းစားရေးအတွက်သာဖြစ်ပြီး၊ ယခုအခါတွင် လူငယ်များကို ပေါ်တာဆွဲခြင်း၊ မတရား စစ်မှုထမ်းခိုင်းခြင်းသည် ပိုမိုဆိုးရွားလာနေပြီး မျိုးဆက်သစ်လူငယ်များ၊ ပြည်သူ့လူငယ်များမှာ အသက်စတေးခံနေကြရသည်မှာ အင်မတန်မှ ဝမ်းနည်းကြေကွဲစရာ ကောင်းကြောင်းလည်း ကိုဇွန်မိုးအောင်က ပြောသည်။
” စစ်အာဏာရှင်စနစ် အမြန်ဆုံးဖြုတ်ချဖို့ အရေးကြီးတယ်။ အဲ့ဒါမှ ကျတော်တို့ နိုင်ငံရဲ့ အနာဂတ် မျိုးဆက်သစ်လူငယ်တွေပေါ့နော်။ အနာဂတ်မှာ ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်စေချင်တာတွေကို အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်မယ်။ ရပ်တည်နိုင်မယ်။ အခုက ကျတော်တို့ လူငယ်တွေ ဒီကာလတွေမှာ အရမ်းသနားဖို့ကောင်းတယ်။ ” ဟု ကိုဇွန်မိုးအောင်က ရှင်းပြသည်။
စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုဉ်းမှသာ မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိရှိနှင့် ခေါင်းမော့ ရင်ကော့နိုင်မည်ကို ယုံကြည်ကြောင်းလည်း ပြောသည်။
ထို့အပြင် ယခုအချိန်အထိ တော်လှန်ရေးနှင့်အတူ တစ်သားတည်း ရပ်တည်ပေးနေသော ပြည်သူလူထုနှင့် တော်လှန်ရေးတွင် အစဉ်တစိုက် ပါဝင်နေသည့် သူရဲကောင်းများ အားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် မည်သို့သော အခက်အခဲ၊ အတားအဆီးများပင် ရှိစေကာမူ စိတ်ဓာတ်မကျဘဲ ရှေ့ဆက်၍ တော်လှန်ရေးတွင် အဆုံးအထိ ပါဝင်ကြပါရန်လည်း ကိုဇွန်မိုးအောင်က အလေးအနက် တိုက်တွန်းထားသည်။
အကယ်၍ တော်လှန်ရေး ကြာမြင့်ဦးမည်ဆိုပါကလည်း ၎င်းအနေဖြင့် စိတ်မပျက်ဘဲ သည်းခံနိုင်ကြောင်းနှင့် ” ကျွန်တော်ကိုယ်တိုင်လည်း တော်လှန်ရေးပြီးဆုံးတဲ့အချိန်အထိ ပြည်သူလူထုနဲ့အတူ တသားတည်း ရပ်တည်သွားမယ်လို့ ဆန္ဒပြုပါတယ်။ ” ဟု ကို ဇွန်မိုးအောင် က ဆိုလိုက်သည်။
