အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ် ပြု၊ မပြု အာဆီယံ ရှင်းရှင်းလင်းလင်း ဖြေဆိုရန် အရပ် ဘက်အဖွဲ့ ၃၀၀ ကျော် တောင်းဆို

စစ်ကော်မရှင် ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို အာဆီယံအနေနှင့် လုံးဝအသိအမှတ်မပြု ရန် အရပ်ဘက်အဖွဲ့၃၀၀ကျော်က တောင်းဆိုလိုက်သည်။

ကမ္ဘာတစ်ဝန်းရှိ မြန်မာနိုင်ငံဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့ ၃၁၅ဖွဲ့က စစ်ကော်မရှင်ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲ အဖြစ် ကြေညာလိုက်ပြီး အာဆီယံအနေနှင့်ယင်းရွေးကောက်ပွဲသည် တရားဝင်မှုမရှိကြောင်းအများပြည်သူသိရှိအောင်ကြိုတင်ကြေညာရန်နှင့် ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုရန် အာဆီယံခေါင်းဆောင်များ ထံသို့ စက်တင်ဘာ၃ရက်၌ စာပေးပို့တောင်း ဆိုခဲ့ကြောင်း Blood Money က ထုတ်ပြန်သည်။

“တစ်ခွန်းတည်းပြောရမယ်ဆို အရပ်ဘက်အဖွဲ့တွေက အာဆီယံ ဘယ်ဘက်ရပ်မလဲလို့ မေးခွန်းထုတ် လိုက်တာပဲ။မြန်မာပြည်သူတွေဘက် ရပ်မလား၊ပြညသူသတ်စစ်တပ်ဘက် ရပ်မလားပေါ့”ဟု မုံရွာအ ခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

ယင်းပေးပို့စာတွင် စစ်ကော်မရှင်ကို နည်းပညာနှင့် ငွေကြေးဆိုင်ရာ အကူအညီများ မည်သည့်နည်းနှင့်မျှ မပေးအပ်ရန်၊ ရွေးကောက်ပွဲလေ့လာသူများ စေလွှတ်ခြင်း မပြုရန်နှင့် စစ်ကော်မရှင်ခေါင်းဆောင်များ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ဆက်စပ်နေသော လုပ်ငန်းများအား ပစ်မှတ်ထား၍ အရေးယူရန်လည်း တောင်းဆိုထားသည်။

အာဆီယံ၏ ဂုဏ်သိက္ခာသည် မြန်မာပြည်သူများဘက်က ရပ်တည်ခြင်း သို့မဟုတ် စစ်ကော်မရှင်ကို အသိအမှတ်ပြုခြင်းအပေါ်တွင် မူတည်နေပြီး စစ်ကော်မရှင်၏ လိမ်ညာရွေးကောက်ပွဲကို ပယ်ချခြင်း ဖြင့်သာ အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် ယုံကြည်စိတ်ချရမှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း လည်း ဆိုသည်။

စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း ၇,၀၀၀ ကျော်ဖြင့် ပြည်သူများအား ခြိမ်းခြောက်တိုက်ခိုက် နေ သောကြောင့် စစ်ဘေးရှောင်ဦးရေ ၃သန်းခွဲကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်းနှင့် စစ် ကော်မရှင်က နိုင်ငံ၏ ၂၁ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်ဒေသများကို အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက အုပ်ချုပ်ကာကွယ်ထား ကြောင်း ယင်းစာ၌ ဖော်ပြထားသည်။

ထို့အပြင် အာဆီယံ အနေဖြင့် မြန်မာပြည်သူများ၏ တရားဝင်ကိုယ်စားလှယ်များဖြစ်ကြသော NUG, NUCC နှင့် ဖက်ဒရယ် ယူနစ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်သင့်ပြီး လူထုအတွက် ပေးအပ်သည့် အကူအညီများကိုလည်း စစ်ကော်မရှင်နှင့် မပတ်သက်သော လမ်းကြောင်းများမှ တစ်ဆင့်သာ ပေးပို့သင့်ကြောင်းလည်း ဆိုသည်။