ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် လွတ်ငြိမ်း တတိယအသုတ်တွင် ပါဝင်ဆိုသည့် သတင်းအတု

အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသော နိုင်ငံတော် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့သည် လွတ်ငြိမ်းချမ်းသာခွင့် တတိယအသုတ်ထဲတွင် ပါဝင်လာမည်ဆိုသည့် သတင်းအတု များ ပျံ့နှံ့လျက်ရှိသည်။

“The Daily Lens” အမည်ရှိ ယူကျူ့ချန်နယ်က ၂၀၂၅ နိုဝင်ဘာ ၂၈ရက် နံနက်ပိုင်းတွင် ရုပ်သံဖိုင်အတူ သတင်းအတု ဖြန့်ဝေထားခြင်းဖြစ်သည်။

သတင်းအတု ဖြန့်ဝေထားသော ရုပ်သံဖိုင်ထဲတွင် တတိယအသုတ်လွတ်လာမည့် နိုင်ငံရေးအကျဉ်းသားများ ထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် ထပ်မံပါလာမည်ဟု သတင်းထွက်ပေါ်လာကြောင်း၊ နိုဝင်ဘာ ၂၈ ရက် လွတ်ငြိမ်းတွင် လွှတ်ပေးသူ ၁၀၀၀ မပြည့်ကြောင်း၊ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား လူ ၃၀၀၀ ကျော် လွှတ်ပေးမည်ဟု ကြေညာထားခြင်းဖြစ်ကြောင်း ပြော၍ AI ဖြင့် ပြုပြင်ထားသော ဓာတ်ပုံများနှင့်အတူ ဖြန့်ဝေထားခြင်းဖြစ်သည်။

သတင်းအတုလင့်ခ် – https://archive.ph/f5tla

နိုဝင်ဘာ ၂၈ရက် နံနက် ၉နာရီတွင် တင်ထားသော သတင်းအတု ရုပ်သံဖိုင်ကို သုံးနာရီအကြာတွင် ကြည့်ရှုသူ ၁၀၀၀၀ ကျော်အထိ ရှိနေသည်။

ယူကျူ့တွင် ကြည်ရှုသူ များနေသော ရုပ်သံဖိုင်ကို အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအတုဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်

ရုပ်သံဖိုင်တွင် ပါဝင်သော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ ထောင်တံခါးမှ ထွက်လာသော ဓာတ်ပုံသည် AI ဖြင့် ပြုပြင်ဖန်တီးထားသော ရုပ်ပုံဖြစ်နေသည်။

စစ်ကော်မရှင်က ရာဇသတ်ကြီးပုဒ်မ ၅၀၅ -က အရ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား ၇၂၄ ဦးကို ခံဝန်ဖြင့် လည်းကောင်း ၂၃၆၁ ဦးကို ကျန်ရှိပြစ်ဒဏ်လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းနှင့် ထိုပုဒ်မဖြင့် တရားစွဲဆိုခံရပြီး ထွက်ပြေးတိမ်းရှောင်နေ၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခံရသူ ၅၅၈၀ ဦး၏ အမှုများကို ပိတ်သိမ်းကြောင်း နိုဝင်ဘာ ၂၆ရက် ည ၈နာရီသတင်းတွင် ထုတ်ပြန် ကြေညာခဲ့သည်။

ယုံကြည်စိတ်ချရသော သတင်းမီဒီယာများတွင် နိုဝင်ဘာ ၂၇ရက် နံနက်ပိုင်း၌ အကျဉ်းထောင်များမှ အကျဉ်းသူ၊ အကျဉ်းသားများကို လွှတ်ပေးခဲ့သည့် သတင်းများ ဖော်ပြထားကြသော်လည်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ လွတ်မြောက်ကြောင်း ရေးသားထားခြင်း မရှိပေ။

သတင်းမီဒီယာလင့်ခ်များ

BBC – https://bitly.cx/cpO8g
DVB – https://bitly.cx/D6kJj
Myanmar Now – https://bitly.cx/vLdMR
The Irrawaddy Burmese – https://bitly.cx/sRvkN

အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၄မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထိမ်းသိမ်းထားသည်။

သမ္မတဦးဝင်းမြင့်ကိုလည်း အမှု ၆ မှု အတွက် ထောင်ဒဏ် ၁၀ နှစ် ချမှတ်၍ ဖမ်းဆီးထိန်းသိမ်းထားကြောင်း BBC Burmese က သတင်းဖော်ပြထားသည်။
သတင်းလင့်ခ် – https://bitly.cx/Sowj

သုံးသပ်ချက်

ယုံကြည်စိတ်ချရသော သတင်းမီဒီယာများတွင် အတိုင်ပင်ခံနှင့် သမ္မတတို့ လွတ်ငြိမ်းတွင် ပါဝင်ကြောင်း ဖော်ပြ ထားခြင်းမရှိပေ။

သတင်းအတုတင်ထားသော ယူကျူ့ချန်နယ်သည် ကြည့်ရှုသူများစေရန် ရည်ရွယ်၍ သတင်းအတု၊ သတင်းအမှားများက ရည်ရွယ်ချက်ရှိရှိ ဖန်တီးလေ့ရှိသော ချန်နယ်ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် လွတ်ငြိမ်း တတိယအသုတ်တွင် ပါဝင်လာမည်ဆိုသည့် ရုပ်သံဖိုင်သည် သတင်းအတု ဖန်တီးထားခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။