သမ္မတဟောင်းဘိုင်ဒင် Autopen ဖြင့် လက်မှတ်ရေးထိုးခဲ့သည့် အထူးအမိန့်အားလုံးကို ပယ်ဖျက်မည်ဟု ထရန့် ပြောကြား

ဓာတ်ပုံ - AP
ပုံစာ - ဂျိုးဘိုင်ဒင် (ဝဲ) နှင့် ဒေါ်နယ်ထရန့် (ယာ)

အမေရိကန်သမ္မတဟောင်း ဂျိုး ဘိုင်ဒင်က Autopen ဖြင့် လက်မှတ်ရေးထိုးခဲ့သည်ဆိုသော အထူးအမိန့်အားလုံးကို ပယ်ဖျက်မည်ဟု သမ္မတဒေါ်နယ်ထရန့်က နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

သမ္မတဟောင်း ဘိုင်ဒင်သည် အမိန့်များကို လက်မှတ်ရေးထိုးရာတွင် “ပါဝင်ပတ်သက်ခြင်း မရှိခဲ့” ကြောင်း ထရန့်က စွပ်စွဲခဲ့ပြီး၊ ဘဲဥပုံရုံးခန်းတွင် အစွန်းရောက် လက်ဝဲဝါဒီ ရူးသွပ်သူများက ဘိုင်ဒင်ထံမှ သမ္မတလုပ်ပိုင်ခွင့်အာဏာကို လုယူပြီး Autopen ဖြင့် လက်မှတ်ရေးထိုးမှုများ လုပ်ခဲ့သည်ဟု ထရန့်က အထောက်အထားမရှိဘဲ ပြောကြားခဲ့သည်။

Autopen ဆိုသည်မှာ လူတစ်ဦး၏ လက်မှတ်ကို ပုံတူကူးယူသည့် ကိရိယာဖြစ်ပြီး၊ စာရွက်စာတမ်းများကို လက်ဖြင့် အကြိမ်တိုင်း လက်မှတ်ထိုးရန်မလိုဘဲ အကြိမ်ပေါင်းများစွာ လက်မှတ်ထိုးနိုင်စေရန် ခွင့်ပြုထားသည်။

ထရန့်က သူ၏ Truth Social လူမှုကွန်ရက် ပလက်ဖောင်းတွင် တင်ထားသည့် စာ၌ “အိပ်ငိုက်နေသော ဂျိုး ဘိုင်ဒင်က Autopen ဖြင့် လက်မှတ်ရေးထိုးခဲ့သော စာရွက်စာတမ်းများ စုစုပေါင်း ၉၂ရာခိုင်နှုန်း ခန့်ရှိပြီး ယင်းအမိန့်အားလုံးကို အဆုံးသတ်လိုက်ပြီဖြစ်ပြီး နောက်ထပ် အကျိုးသက်ရောက်မှု သို့မဟုတ် အာဏာသက်ရောက်မှု မရှိစေရ ဟု ပြောကြားခဲ့သည်။

အမေရိကန် သမ္မတ၏ ခွင့်ပြုချက်ကို တိတိကျကျ မရရှိပါက Autopen ကို အသုံးပြုရန် ခွင့်မပြု ဟုလည်း ထရန့်က ပြောကြားသည်။

“ကောက်ကျစ်သော ဂျိုး ဘိုင်ဒင်က တိုက်ရိုက် လက်မှတ်မထိုးခဲ့သော အုပ်ချုပ်ရေးအမိန့်များ အားလုံးနှင့် အခြားအရာအားလုံးကို ဤနေရာမှ ပယ်ဖျက်လိုက်သည်၊ Autopenကို အသုံးပြုခဲ့သူများသည် တရားမဝင် လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်” ဟုလည်း ထရန့်ကဆိုသည်။

“ဂျိုး ဘိုင်ဒင်သည် Autopenဖြင့် လက်မှတ်ရေးထိုးသည့် လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိခဲ့ဘဲ၊ သူပါဝင်ခဲ့သည်ဟု ပြောဆိုပါက၊ မဟုတ်မမှန် သက်သေခံမှုဖြင့် စွဲချက်တင်ခံရမည်” ဟုလည်း ၎င်းက ပြောသည်။

ဘိုင်ဒင်သည် ၎င်း၏ သမ္မတသက်တမ်းကုန်ဆုံးချိန်တွင် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်မရှိတော့ကြောင်းနှင့် ၎င်း၏ ဝန်ထမ်းများက ၎င်းကိုယ်စား ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကာ ၎င်း၏ ခွင့်ပြုချက်မပါဘဲ လက်မှတ်ထိုးရန် Autopen ကို အသုံးပြုခဲ့သည်ဟု ထရန့်က ထပ်တလဲလဲ စွပ်စွဲခဲ့သည်။

ထရန့်ကယင်း စွပ်စွဲချက်များအတွက် မည်သည့် အထောက်အထားကိုမျှ တင်ပြခဲ့ခြင်း မရှိသလို၊ ဘိုင်ဒင်နှင့် ၎င်း၏ အရင်အကြံပေးဟောင်းများကလည်း ၎င်းတို့သည် သမ္မတကိုယ်စား ဆုံးဖြတ်ချက်များ မချမှတ်ခဲ့ကြောင်း ငြင်းဆိုခဲ့သည်။