စစ်အုပ်စု အထိနာစေမည့် စစ်ဆင်ရေးများ ဖော်ဆောင်နိုင်ရန် မြင်းခြံခရိုင်အထူးလှုပ်ရှားစစ်ကြောင်း ဖွဲ့စည်း

ဓာတ်ပုံ - Myingyan Black Tiger
ပုံစာ - Myingyan Black Tiger ရဲဘော်များ။ (ပုံဟောင်း)

စစ်အုပ်စု အထိနာစေမည့် စစ်ဆင်ရေးများဖော်ဆောင်နိုင်ရန်အတွက် မြင်းခြံခရိုင်အထူးလှုပ်ရှားစစ်ကြောင်းကို ဖွဲ့စည်းလိုက်ကြောင်းသိရသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို စစ်တပ်၏ရန်မှ ကာကွယ်ပေးရန်နှင့် ပြန့်ကျဲနေသော တပ်ရင်း၊ တပ်ဖွဲ့များကို စုစည်းကာ စစ်ဆင်ရေးများ ထိရောက်စွာဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၂၈ရက်က သတင်းထုတ်ပြန်သည်။

” စစ်ရေးအရတော့ အများကြီးပေါ့နော်။ တိုးတက်မှု ပြောင်းလဲမှုတွေရှိသွားနိုင်တာပေါ့။ ကျနော်တို့ ဒီတစ်ယောက်တည်းအား မဟုတ်တော့ဘူးလေ။ စည်းစည်းလုံးလုံးရဲ့အားပေါ့။ ကျနော်တို့ Myingyan Black Tiger တပ်အနေနဲ့လည်းပေါ့။ ဒီခရိုင်အထူးလှုပ်ရှားစစ်ကြောင်းမှာပါဝင်တယ်။ ဘာကြောင့်ပါဝင်လဲဆိုတာကတော့ ခုနကပြောသလိုပေါ့နော်။ တစ်ဖွဲ့တည်း၊ တစ်တပ်တည်း၊ တယောက်တည်းအားနဲ့မရပါဘူး။ စည်းလုံးမှုနဲ့မှရမှာပါ။ မကြာခင်အချိန်မှာတော့ အကောင်းဆုံးအခြေအနေတွေ မြင်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျ” ဟု Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက MPA သို့ပြောသည်။

ယင်းအထူးလှုပ်ရှားစစ်ကြောင်းတွင် Natogyi People Defence Force – NPDF၊ Taung Tha People Defence Force – TTA PDF၊ Natogyi Guerilla Force – NGF ၊ Myingyan Black Tiger-MBT၊ One more Column၊ Ngazun PDF၊ ငါန်းဇွန်မီးနဂါးတပ်ဖွဲ့နှင့် အားမာန်သစ်ပြောက်ကျားတပ်ဖွဲ့တို့ ပါဝင်ကြောင်းသိရသည်။

ပါဝင်သည့် တပ်ရင်း၊ တပ်ဖွဲ့များက ရဲဘော်များကို စုဖွဲ့ပြင်ဆင်လေ့ကျင့်ခြင်းလုပ်ငန်းစဉ် ပြီးမြောက်ပြီဖြစ်၍ ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ မြင်းခြံခရိုင်အတွင်းရှိ စစ်ဆင်ရေးများတွင် ညီနောင်မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားမည်‌ ဖြစ်ကြောင်းသိရသည်။

ထို့ပြင် မြင်းခြံခရိုင်အတွင်းစစ်ရေးအရှိန် ပိုမိုမြှင့်တင်ရန်နှင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ညီအစ်ကိုစိတ်ဓာတ်၊ ရဲဘော်ရဲဘက်စိတ်ဓာတ်တို့ဖြင့် ပူးပေါင်းပါဝင် တိုက်ပွဲဝင်လိုသည့် တော်လှန်ရေးတပ်ဖွဲ့များကိုလည်း ဖိတ်ခေါ်ထားသည်။