မကွေးတိုင်း ၊ နတ်မောက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး စစ်ကြောင်းကို ဒေသခံ PDF တို့ တောင်ကုန်းပေါ်မှ စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးများနိုင်ကြောင်း သိရသည်။
နတ်မောက်မြို့နယ် ၊ ရွာမွန်ရွာရှိ ပင်မစစ်လက်နက်ပစ္စည်းတပ်(ပပန-နတ်မောက်)မှ နယ်မြေရှင်းလင်းရေး ထွက်လာသည့် အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းကို နိုဝင်ဘာ ၂၈ ရက်တွင် မြင်းတဲကြီးကျေးရွာအနီး၌ ဒေသခံ PDF များနှင့် တစ်နာရီခွဲခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နေပြည်တော် ဗျူဟာ ၁၇ ၊ အမှတ် ၉၀၂ တပ်ရင်းထံက သိရသည်။
“ပွဲကတော့ တစ်နာရီခွဲဝန်းကျင်လောက်ထိသွားတယ်ဗျ။ နားလိုက် ပစ်လိုက်နဲ့ဆိုတော့လေ။ ဒါပေမဲ့၊ ကျနော်တို့ဘက်က အင်အားကကျတော့ သူတို့ရဲ့ သုံးပုံပုံ တစ်ပုံလောက်ပဲရှိနေတာ။ ကျနော်တို့က တောင်ကုန်းပေါ်မှာ နေရာယူထားတာဆိုတော့ သူတို့က တဖြည်းဖြည်းနဲ့ ကပ်ကပ်ဝိုင်းလာတာ ပေါ့နော်။ ကျနော်တို့ဘက်ကလည်း တစ်နာရီခွဲလောက်ကြာတော့ ကျည်အင်အားကလည်း မရှိတော့ဘူး။ အဲတော့ ပြန်ခေါက်ခဲ့ရတာပေါ့။ အထိအခိုက် အကျအဆုံးကတော့ တောတွင်းပွဲလည်း ဖြစ်တယ်။ပြီးတော့ ကျနော်တို့နောက်ကျောဘက်မှာကျ လမ်းမလည်းရှိတော့ သူတို့ကယ့်ထုတ်တာတို့ ဘာတို့ရှိမယ်ဆို ကျနော်တို့ မပြောတတ်ဘူးပေါ့လေ “ဟု အမှတ် ၉၀၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းစစ်ကြောင်းသည် ယနေ့(နိုဝင်ဘာ ၂၉ ရက်) နံနက်ပိုင်း ထနောင်းကုန်းရွာအတွင်း ရှိနေစဉ် တော်လှန်ရေးရဲဘော်များရှိရာသို့ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးသော်လည်း ထိခိုက်မှုမရှိကြောင်း သိရသည်။
ယင်းစစ်ကြောင်း သွားရာလမ်းတစ်လျှောက်ရှိ ပြည်သူများကို လမ်းပြအဖြစ် ဖမ်းဆီးလေ့ရှိပြီး ယနေ့(နိုဝင်ဘာ ၂၉ ရက်) နေ့လယ်တွင် သစ်လှကျင်းရွာဘက်သို့ ဆက်လက်စစ်ကြောင်း ထိုးနေကြောင်း သိရသည်။
” တစ်ရွာကနေ နောက်တစ်ရွာကိုကူးတော့မယ် ဆိုလို့ရှိရင် ဒီဘက်ရွာကပြည်သူတွေကို ဖမ်းတယ်။ သို့မဟုတ် လမ်းမှာတွေ့တဲ့ ပြည်သူတွေကို ဖမ်းတယ်ပေါ့နော်။ နောက်တစ်ရွာကို ရောက်ပြီဆိုတာနဲ့ သူတို့ ပြန်လွှတ်ပေးတယ်ဗျ။ ပြန်လွှတ်လိုက်တဲ့ ပြည်သူတွေကို ရိုက်တာနှက်တာမျိုးတော့ မရှိဘူး။ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်တယ်လို့ပဲ သိရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းသည် နိုဝင်ဘာ ၂၃ ရက်မှ စတင်၍ ရွာမွန်ရွာရှိ ပင်မစစ်လက်နက်ပစ္စည်းတပ်(ပပန-နတ်မောက်)မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး နိုဝင်ဘာ၂၅ ရက်နေ့တွင် ကျောက်တန်းရွာအဝင် လမ်းဆုံအနီး၌ ၉၀၃ တပ်ရင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ နိုဝင်ဘာ ၂၇ ရက်တွင် မြင်းတဲကြီးရွာသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ထို့နောက် နိုဝင်ဘာ ၂၈ ရက်တွင် မြင်းတဲကြီးရွာမှ ထနောင်းကုန်းရွာဘက်သို့ စစ်ကြောင်းဦးတည်နေစဉ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ယင်းစစ်ကြောင်းကို နေပြည်တော် ဗျူဟာ ၁၇ ၊ အမှတ် ၉၀၂ တပ်ရင်း ၊ အထူးလှုပ်ရှားစစ်ကြောင်းနှင့် သရက်ခရိုင် တပ်ရင်း တစ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာ ၂၅ ရက်ကလည်း ယင်းစစ်ကြောင်းနှင့် အမှတ် ၉၀၃ တပ်ရင်းနှင့် ကျောက်တန်းရွာ လမ်းဆုံအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့သေးသည်။
စစ်သားများ၏ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
