မတ္တရာ၊ ရွာသာရွာမှ တော်လှန်ရေးတပ်များ နောက်ဆုတ်ပေးလိုက်ရ

ဓာတ်ပုံ - ပေးပို့
ပုံစာ - စက်တင်ဘာ၃ရက် ညနေပိုင်းက ရွာသာရွာမှ မီးခိုးလုံးများ တက်လာစဉ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ရွာသာရွာတွင် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေးတပ်များ နောက်ဆုတ်ပေးလိုက်ရကြောင်း သိရသည်။

စက်တင်ဘာ ၃ရက်၊ နံနက်ပိုင်းက ရွာသာရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာရာ နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

” မနေ့မနက်ကစပြီးတိုက်ပွဲဖြစ်တာ။ မြကံသာတို့၊ အယ်လ်ဖာတို့၊ ထန်းပင်ကုန်းတို့ဘက်က ကောင်တွေ အင်အားဖြည့်ပြီးတက်လာတာ။ အစပိုင်းကတော့ ရွာသာရွာအနီးတဝိုက်မှာဖြစ်တာပါ။ နောက်မှရွာထဲတဖြည်းဖြည်း၀င်လာတယ်။ စစ်တပ်ဘက်ကနေပြီး လက်နက်ကြီးနဲ့အဆက်မပြတ် နေရာစုံကနေ ထုတာ၊ဒရုန်းနဲ့တိုက်ခိုက်တာမျိုး‌လည်းရှိတယ်။ ရွာကနေတော့ ( တော်လှန်ရေးတပ်များ ) ဆုတ်ပေးလိုက်ရတယ် ” ဟု၎င်းက MPA ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ စစ်တပ် အထိုင်ချနေရာများဖြစ်သည့် မြကံသာရွာ၊ ကျောက်တံတားစာသင်ကျောင်း၊ဘိုကုန်းရွာနှင့် ကံဖြူရွာတို့မှ ‌လက်နက်ကြီးပစ်ကူများ ပေးခဲ့သည်။

” ဒီနေ့(စက်တင်ဘာ၄ရက်)မနက်ကတော့ ကျည်ဖောက်သံတစ်ချက်၊ နှစ်ချက်လောက်ကို ရံဖန်ရံခါ လောက်ပဲ ကြားရတယ်။ လက်နက်ကြီးက ဒီနေ့တော့ထု‌ပေမဲ့ အရင်ကလောက်တော့မဟုတ်တော့ ဘူး။ ရွာ ( ရွာသာရွာ )ကိုလည်း မီးရှို့နေတယ်။ အစက လက်နက်ကြီးကျလို့ မီးခိုးလုံးတွေ တက်လာ တယ်ထင်တာ။ လက်နက်ကြီးသံမကြားရတာတောင် မီးခိုးတွေမြင်နေရတယ် ” ဟု ၎င်းကဆက် လက် ပြောသည်။

ယင်းတိုက်ပွဲကြောင့် ရွာသာ၊တောင်ကန်၊မန်ကျဉ်းကုန်း၊ကျပ်ပြင်၊ကင်းရွာ၊ညောင်ပင်သာ၊ရွာကြီးကုန်း နှင့်မြောင်းသစ် ကျေးရွာ များမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ရှောင်ပြည်သူ အရေအတွက်အား ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ရွာသာရွာကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလတွင် MDY PDF နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားခဲ့ခြင်းဖြစ်ပြီး မတ္တရာမြို့နှင့် ၆မိုင်ခွဲခန့် ကွာဝေးသည်။

တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ MDY PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်းမရှိသေးပေ။