လွတ်ငြိမ်းခွင့်ရ ၅၀၅(က)ထွက်ပြေးတိမ်းရှောင်သူများအနေနှင့် စစ်ကော်မရှင်ကို ယုံစားပြီး မူလနေရာတွင် ပြန်လည်နေထိုင်ခြင်းမျိုး ချက်ချင်းမပြုလုပ်သေးရန် ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က သတိပေးလိုက်သည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့်လည်းကောင်း၊ယင်းပြစ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသဖြင့် တရားခံပြေးပုဒ်မ ၅၁၂ဖြင့်လည်းကောင်း တရားစွဲဆိုခံရသူ ၅၅၈၀ကို ကြားနာစစ်ဆေးဆဲ အမှုများ ပိတ်သိမ်းပေးလိုက်ကြောင်း နိုဝင်ဘာ၂၆ရက်၌ စစ်ကော်မရှင်က ကြေညာခဲ့သည့်အပေါ် ၎င်းက အ ထက်ပါအတိုင်း သတိပေးခဲ့ခြင်းဖြစ်သည်။
“ပြောချင်တာက သူတို့ ၅၀၅(က)နဲ့ ဖမ်းထားပြီး ထောင်ထဲကနေ အမှုရင်ဆိုင်နေတဲ့သူက ပြဿနာမ ရှိဘူး။သူတို့ကို စစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေးပြီးတော့ စစ်တပ်က သတင်းအချက်အလက်ရယူပြီး သား။၅၀၅(က)နဲ့ အမှုဖွင့်ထားပြီး ထွက်ပြေးနေတဲ့သူတွေကျတော့ သူတို့ဆီကနေ စစ်တပ်က သူတို့ ဘာလုပ်ခဲ့သလဲဆိုတာ သတင်းအချက်အလက်မရထားသေးဘူး။
၅၀၅တရားခံပြေးတွေ အမှုပိတ် လိုက်ပြီဆိုပြီး ချက်ချင်း အိမ်မပြန်သင့်သေးဘူးလို့ ထင်တယ်”ဟု ၎င်းက MPAသို့ပြောသည်။
၅၀၅(က) တရားခံပြေးများ၏ နေရပ်လိပ်စာများသည် အမှုဖွင့်ထားသည့်ရဲစခန်းများတွင် ရှိနေသဖြင့် စစ် တပ်က အချိန်မရွေးရယူနိုင်ကြောင်း ၎င်းက ဆိုသည်။
လှိုင်မြို့နယ် စစ်ကော်မရှင်အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးကမူ လက်ရှိအချိန်ထိ လွတ်ငြိမ်းခွင့်ရ နိုင်ငံ ရေးအကျဉ်းသားများကို ရပ်ကွက်အုပ်ချုပ်ရေးရုံးများက စောင့်ကြည့်ရန် ညွှန်ကြားထားခြင်းမျိုးသာရှိ ကြောင်း ဆိုသည်။
“လွတ်ငြိမ်းချမ်းသာရတဲ့ တရားခံပြေးတွေနဲ့ ပတ်သက်ပြီး သူတို့ အိမ်ပြန်နေပြီလားတို့ဘာတို့ စစ်တပ် က ရပ်ကွက်ရုံးကို မေးတာမြန်းတာ မကြားမိသေးဘူး”ဟု ၎င်းက ပြောသည်။
လွတ်ငြိမ်းခွင့်ရပြီးပြီးချင်း ပြန်လည်ဖမ်းဆီးခံရခြင်းနှင့် လွတ်ရက်စေ့၍ လွတ်လာသော နိုင်ငံရေးအ ကျဉ်းသားအချို့ကို ထောင်ဗူးဝမှာပင် နောက်ထပ်အမှုတပ်ကာ ထပ်မံထောင်ထဲထည့်ခြင်းတို့သည် အမှန်တကယ်ဖြစ်ပျက်ခဲ့သည့်အတွက် သင်ခန်းစာယူကြရန်လိုကြောင်း မုံရွာအခြေစိုက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။
“နိုင်ငံရေးနဲ့ မပတ်သက်တဲ့ သာမန်ပြည်သူတစ်ယောက်တောင် စစ်တပ်သတ်တာခံနေရတဲ့အချိန်မှာ သူတို့ကို ဆန့်ကျင်တော်လှန်လို့ ထောင်ကျခဲ့တဲ့ နိုင်ကျဉ်းတွေအနေနဲ့ လွတ်ငြိမ်းခွင့်ရလည်း ဘာမဆို ဖြစ်နိုင်ပါတယ်။အခုလွတ်ငြိမ်းဆိုတာကလည်း နိုင်ငံတကာ မျက်နှာသာပေးမလားလို့ လုပ်ပြတာ ပါ”ဟု ၎င်းက ပြောသည်။
အာဏာသိမ်းမှုကို ဆန့်ကျင်သည်ဟုဆိုကာ ၅၀၅(က)ပုဒ်မဖြင့် ထောင်ချခံထားရသူ နိုင်ငံရေးအကျဉ်း သူ/သား ၃၀၀၀ကျော်ကို နိုဝင်ဘာ၂၆ရက်တွင် စစ်ကော်မရှင်က ပြစ်ဒဏ်များ လျှော့ပေါ့ပေးခဲ့ရာ လွတ်မြောက်လာသူအများစုမှာ လွတ်ရက်နီးများဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ နိုဝင်ဘာ၂၈ရက် ထုတ်ပြန်ချက် အရ စစ်ကော်မရှင် အကျဉ်းထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသား ၂၂၇၀၄ဦး ထိန်းသိမ်းခံနေရဆဲဖြစ် သည်။
စာတည်း-ကိုဆန်း
