မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် ယနေ့ ညနေပိုင်းမှစတင်ကာ စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်နေကြောင်းကို ဒေသခံနှင့် မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
TNLA နှင့် စစ်ကော်မရှင်တို့ အပစ်ခတ်ရပ်ဆဲပြီးနောက် နိုဝင်ဘာ ၂၉ ရက်နေ့တွင် စစ်ကော်မရှင်တပ်များ မိုးကုတ်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် နိုဝင်ဘာ ၃၀ တွင် မိုးကုတ်မြို့ပြင်တွင် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲပြန်ဖြစ်နေကြောင်း မြေပြင် စစ်ရေးသတင်းမြစ်များက ဆိုသည်။
” မိုးကုတ်မြို့ထဲရောက်နေတဲ့ စစ်တပ်က မြို့ပြင်ကို စစ်ကြောင်းထိုးလာတဲ့အတွက် ထိတွေတိုက်ပွဲဖြစ်ပြီး နှစ်ဖက်အပြင်းအထန်ဖြစ်ခဲ့တာပါ ” ဟု စစ်မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
နိုဝင်ဘာ ၂၉ ရက်နေ့မတိုင်ခင်က မိုးကုတ်မြို့တွင်းရှိ တော်လှန်ရေးတပ်များသည် မိုးကုတ်မြို့ပြင်သို့ တပ်များဆုတ်ခွာပေးခဲ့ပြီးနောက် TNLA တပ်များအကူအညီဖြင့် စစ်ကော်မရှင်တပ်သည် မိုးကုတ်မြို့တွင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
စစ်ကော်မရှင်နှင့် TNLA တပ်များသည့် မြို့လုံခြုံရေးနှင့် အုပ်ချုပ်ရေးကို ဒီဇင်ဘာ လကုန်ထိပူးတွဲအုပ်ချုပ်မည်ဖြစ်ပြီး နောက်ပိုင်းတွင် စစ်ကော်မရှင်တပ်များကပြန်လည်အုပ်ချုပ်မည်ဟု ဒေသခံပြည်သူများထံမှ သိရသည်။
စစ်ကော်မရှင်တပ်များပြန်လည်ဝင်ရောက်လာသည့်နေ့တွင် မိုးကုတ်မြို့တွင် တိတ်ဆိတ်ငြိမ်သက်နေပြီး ပြည်သူများလည်း ထွက်ကြိုဆိုခြင်းများမရှိသည့်အတွက် စစ်လော်ဘီများက ဝေဖန်နေမှုများရှိနေခဲ့သည်။
” မြို့ထဲမှာတော့ တော်လှန်ရေးတပ်တွေ အထူးသဖြင့် PDF တွေမရှိတော့ဘူး။ မြို့ပြင်ကိုဆုတ်သွားတယ်လို့ပြောတယ်။ ဒီနေ့တော့ တိုက်ပွဲဖြစ်သံတွေကြားတယ်။ မြို့ထဲမှာတိုက်ပွဲတွေဖြစ်ရင် ဘယ်ကိုပြေးရမလဲမသိတော့ဘူး။ လမ်းတွေလဲ ပိတ်ထား ” ဟု မိုးကုတ်မြိုခံတစ်ဦးက ပြောသည်။
TNLA (တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်) နှင့် မဟာမိတ်တပ်ဖွဲ့များသည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄ ရက်နေ့တွင် မိုးကုတ်မြို့ကို စစ်ကော်မရှင်ထံမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
သို့သော် ဟိုင်ဂင် သဘောတူညီချက်အရ TNLA သည် မိုးကုတ်နှင့် မိုးမိတ်ကဲ့သို့ သိမ်းပိုက်ခဲ့သော မြို့များကို စစ်ကော်မရှင်လက်သို့ ပြန်လည်အပ်နှံရန် သို့မဟုတ် ဆုတ်ခွာပေးရန် သဘောတူခဲ့ရသည်။
စာတည်း-ကိုဆန်း
