AI သုံးပြီး အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အရှက်တကွဲ ဖြစ်စေရန် ခြိမ်းခြောက်မှုများ ရှိနေ

ဓာတ်ပုံ-Gemini Nano Banana AI

AI ဖြင့် ပြုလုပ်ထားသည့် ဓာတ်ပုံ၊ ဗီဒီယိုများကို အသုံးပြု၍ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အရှက်တကွဲ ဖြစ်စေရန် ခြိမ်းခြောက်မှုများ ဖြစ်ပွားနေကြောင်း ကြုံတွေ့ခဲ့ရသည့် အမျိုးသမီးများထံမှ စုံစမ်းသိရှိရသည်။

ယခုနှစ်အတွင်း လူလုပ်အသိဉာဏ်(AI) နည်းပညာ တရှိန်ထိုး တိုးတက်လာခဲ့ရာ နယ်ပယ်စုံတွင် ကောင်းကျိုးများစွာ ရလာခဲ့သော်လည်း AI အသုံးပြု အဖော်ချွတ် ဓာတ်ပုံ၊ ဗီဒီယိုများမှာ အမျိုးသမီးများအတွက် အရှက်တကွဲ ဖြစ်စေရန် ခြိမ်းခြောက် ခံရသည့် ဆိုးကျိုးများ ဖြစ်လာခဲ့ကြောင်း သိရသည်။

လူမှုကွန်ရက်ပေါ်တွင် လူသိများပြီး ချောမောလှပသည့် အမျိုးသမီးငယ်များ၏ AI ဖြင့် ပြုလုပ်သည့် အဖော်ချွတ် ဓာတ်ပုံ၊ ဗီဒီယိုများကို အသုံးပြုကာ ငွေလိမ်လည်သူများပြုလုပ်လာခြင်းဖြစ်သည်။

” ညီမရဲ့ အဝတ်မပါတဲ့ ဗီဒီယို နဲ့ ဓာတ်ပုံတွေ ရောင်းတယ်ဆိုပြီး လိုက်လိမ်နေလို့ ဖြေရှင်းနေရတယ်။ AI နဲ့ လုပ်ထားတာ ဆိုပေမယ့် ညီမ မျက်နှာကြီးနဲ့လေ။ တော်တော် ရှက်စရာကောင်းတယ် ” ဟု AI ​အသုံးပြုကာ လိင်ပိုင်းဆိုင်ရာ အရှက်ခွဲခံခဲ့ရသည့် အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

အဆိုပါ အခြေအနေအား အမျိုးသမီးများက ၄င်းတို့ အပေါ် ဆိုးဆိုးရွားရွား ခြိမ်းခြောက်မှု အဖြစ် ရှုမြင်ခံယူကြသည်ကို တွေ့ရသည်။

” ဒါ တော်တော်ဆိုးတယ်။ AI ပဲ ကိုယ်မဟုတ်ဘူးလို့ ခံစားလို့ မရဘူး။ ကိုယ်လည်း အရှက် သိက္ခာ မရှိတာ မလုပ်ရပါဘဲ ကိုယ့်ကိုကြည့်ပြီး လိင်စိတ်ဖြေနေကြမလား ဆိုတာမျိုးက တွေးကြည့်ဖို့ကိုတောင် အတော် ရှက်ဖို့ကောင်းတယ်” ဟု အသက် ၃၀ကျော် အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။

ထို့ပြင် လူမှုကွန်ရက်များပေါ်တွင် AI အသုံးပြုထားသည့် အမှန်တကယ်မဟုတ်သော အမျိုးသမီးများ၏ အဖော်ချွတ် ဓာတ်ပုံ၊ ဗီဒီယိုများသုံး၍ Followers ရှာဖွေခြင်းများလည်း ရှိနေကြောင်း သိရသည်။

အထူးသဖြင့် တယ်လီဂရန်တွင် ထိုသို့ သော ဖြစ်ရပ်များ ပို၍ တွေ့ရသည်။

” တယ်လီဂရမ်ချန်နယ်တွေမှာ အများကြီး တွေ့ရတယ်။ AI နဲ့ လုပ်ထားတဲ့ အဖော်ချွတ်ပုံတွေကို။ အလွယ်တကူ လုပ်လို့ ရနေတာဆိုတော့ Privacy ကို ကာကွယ်ရတာ တော်တော် ခက်လာတယ်” ဟု ရန်ကုန်မြို့နေ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

ပိုမို အသုံးပြုရ လွယ်ကူလာကာ ဆက်လက် နည်းပညာတိုးတက် လာနေသည့် AI သည် ဘေးထွက်ဆိုးကျိုး တစ်ခုအဖြစ် အမျိုးသမီးများ၏ အရှက်သိက္ခာ လုံခြုံမှုကို ခြိမ်းခြောက်လာနေခြင်း ဖြစ်သည်။

ယင်းသို့ ခြိမ်းခြောက်နေမှုများအား ဖြေရှင်းမည့် နည်းလမ်းမှာမူ လက်ရှိအချိန်ထိ ရှိမနေသေးဟုလည်း သိရသည်။