ကျည်ဆန်နှင့် ဘတ်ဂျက်မရှိ တပ်ဖွဲ့အင်အားလည်း နည်းလာ၍ မိုးကုတ်နှင့်မိုးမိတ်ကို ပြန်ပေးလိုက်ရ၊ ပေးဆပ် နစ်နစ်သူများကို လှိုက်လှဲစွာ တောင်းပန်ကြောင်း TNLA ဗိုလ်ချုပ်ဆို

ဓာတ်ပုံ-CJ
ပုံစာ- ဒီဇင်ဘာ၁ရက်တွင် မိုးကုတ်မြို့ကို စစ်တပ် မီးစတင်ရှို့နေပုံ

ကျည်ဆန်နှင့်ဘတ်ဂျက်မရှိတော့သည့်အပြင် တပ်ဖွဲ့အင်အားလည်း နည်းလာသဖြင့် မိုးကုတ်၊ မိုးမိတ်နှင့် ညှိကာ အပစ်ရပ်ခဲ့ရကြောင်း TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောသည်။

ယနေ့(ဒီဇင်ဘာ၂ရက်)တွင် ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှနေ၍ “မိုးကုတ်ဋီကာ”ခေါင်းစဉ်ဖြင့် ရေး သားရာ၌ အထက်ပါအတိုင်း ဖော်ပြထားသည်။
“ပထမဆုံး တကယ် ပေးဆပ်နစ်နာသူတွေကို တောင်းပန်ချင်ပါတယ်။ရင်ထဲလှိုက်လှိုက်လှဲလှဲ နာကျင်ရတာမို့ အနူးအညွတ်တောင်းပန်ပါတယ်”ဟူ ၎င်းက ဆိုသည်။

တအာင်းနိုင်ငံရေး၏ ပန်းတိုင်တခုမှာ မိုးကုတ်မြို့ကို တအာင်းပြည်နယ်ထဲ ပြန်ပါအောင် ကြိုးပမ်းရေးဖြစ်ပြီး ရှေးယခင် နှစ်ပေါင်းထောင်ချီကတည်းက တအာင်းလူမျိုးတို့တည်ခဲ့သည့် မိုးကုတ်(မိုဂူ;-လင်းလင်တဲ့ကျောက်) သည် တအာင်းလူမျိုးတို့ လက်ထဲ ပြန်ရောက်ရမည်ဟု ရည်မှန်းထားကြောင်း လည်း ဆိုသည်။

“အခုတော့ လက်ထဲရောက်တဲ့ကိတ်မုန့်ကို မစားရဘဲ ပုတ်ချခံလိုက်ရသလိုမျိုး အသည်းကွဲရပါတယ်။

ကံမကုန်သေးရင်တော့ ကြိုးစားသူအတွက် ရလဒ်ရှိစမြဲလို့ ယုံကြည်ပါတယ်။ သစ္စာဖောက် လို့ ပက်ပက်စက်စက်ပြောသူတွေကို တော်လှန်ရေးနှလုံး သေချာပြန်သုံးသပ်ပြီး အရှိတရားတွေကို လက်ကိုင်ထားစေချင်ပါတယ်။နွေဦးတော်လှန်ရေးမှာ ၁၀နှစ်ကျော် တည်ဆောက်ထားတဲ့ အရင်းအ မြစ်တွေနဲ့ အကောင်းဆုံးပံ့ပိုးခဲ့တယ်”ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ပြောသည်။

၃-၄ နှစ်ကာလအတွင်း ရဲဘော်အင်အားထောင်ချီ ပေးဆပ်အရင်းပြုခဲ့ပြီးလက်နက်အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်ခဲ့ကြောင်းလည်း ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းတွင် မိုးကုတ်နှင့်မိုးမိတ်ကို TNLAဦးဆောင်သည့် တော်လှန်ရေး မဟာမိတ်တပ်များက သိမ်းပိုက်ခဲ့ပြီး TNLAက ထိန်းချုပ် အုပ်ချုပ်ခဲ့သည်။

တရုတ်အစိုးရ၏ ဖိအားပေး ကြားဝင်မှုအရ မိုးကုတ်နှင့် မိုးမိတ်ကို စစ်တပ်လက်ပြန်အပ်ရန် TNLA ကသဘောတူခဲ့ရပြီး နိုဝင်ဘာ၂၉ရက်ညနေပိုင်းတွင် စစ်တပ်က မိုးကုတ်မြို့ထဲသို့ အင်အားများစွာ ဖြင့် ဝင်ရောက်နေရာယူခဲ့သည်။

နိုဝင်ဘာ၃၀ရက်မှ စတင်ကာ မိုးကုတ်မြို့ပြင်သို့ ထွက်လာသော စစ်တပ်နှင့် PDF တို့ တိုက်ပွဲစတင် ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ၁ရက်ညနေတွင် မိုးကုတ်မြို့အနောက်ပိုင်း၊ညောင်ပင်ကြီးရပ်ကွက်ရှိ ပြည်သူ့နေအိမ်၃လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။