အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၄င်းတို့ စစ်တပ်နှင့် အဆင်ပြေသူကိုသာ မဲပေးရန် ရဲများနှင့် Non-CDM ဝန်ထမ်းများကို ဒီဇင်ဘာ ၁ရက်က ပြောခဲ့ကြောင်း စစ်ကော်မရှင်လက်အောက်ခံ သတင်းစာများ၏ ဖော်ပြထားမှုအရ သိရှိရသည်။
စစ်ခေါင်းဆောင်သည် ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) သို့ သွားရောက်ပြီး ယင်းသို့ ပြောခဲ့ခြင်း ဖြစ်သည်။
စစ်ခေါင်းဆောင်က ၄င်း၏ အာဏာသိမ်း စစ်တပ်သည် နိုင်ငံတည်ရှိ သရွေ့ရှိနေမည့် အခိုင်မာဆုံး အဖွဲ့အစည်း ဖြစ်သဖြင့် စစ်တပ်နှင့် သဟဇာဖြစ်သူများသာကို မဲပေးရွေးချယ်ရန်အတွက် ပြောခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ၄င်းက ဒို့တာဝန် အရေးသုံးပါးကို လိုက်နာနိုင်သူကိုသာ မဲပေးရန်လည်း ရဲများနှင့် Non-CDM ဝန်ထမ်းများကို ပြောဆိုခဲ့သည်ဟု သိရသည်။
အာဏာသုံးရပ်ကို မောင်ပိုင်စီးထားသည့် စစ်ခေါင်းဆောင်၏ ပြောဆိုမှုသည် အမိန့်ပေးခြင်းပင် ဖြစ်ပြီး အာဏာကို အသုံးပြု၍ ၄င်း၏ စိတ်ကြိုက်ပါတီအား အတင်းအဓမ္မ မဲပေးစေခြင်းမျိုးဟု နိုင်ငံရေး လေ့လာသူ တစ်ဦးက ဝေဖန်သည်။
” ရဲတွေ ၊ဒီဝန်ထမ်းတွေဆိုတာ စစ်အာဏာသိမ်းမှုကို မဆန့်ကျင်လို့ ရှိနေတဲ့သူတွေ။ သူတို့ကို ဒီလိုပြောတာဟာ အမိန့်ပေးတာပဲ။ ဟေ့ ငါတို့ တပ်နဲ့ မတည့်တဲ့ သူတွေ မဲမပေးရဘူး။ တည့်တဲ့သူပဲပေးလို့ အမိန့်ပေးတာပဲ။ ကြံ့ဖွတ်တွေပဲ မဲပေးလို့ တည့်မပြောရုံတမယ်ပါဘဲ” ဟု ၄င်းက ပြောသည်။
အတုအယောင် ရွေးကောက်ပွဲဝင်မည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးကလည်း အာဏာသိမ်း စစ်တပ်နှင့် အဆင်မပြေ ဖြစ်၍ မရဟု ပြောထားရာ အဆိုပါ ရွေးကောက်ပွဲသည် မျှတမှု ရှိသည့် ရွေးကောက်ပွဲ ဖြစ်မည်မဟုတ်ဟု ပြည်သူများက ယူဆထားကြောင်း သိရသည်။
” ကြံ့ဖွတ်တွေက စစ်တပ်သဘောအတိုင်း ဆက်လုပ်မယ်လို့ ကြေညာ ထားပြီးသား။ ကိုကိုကြီးကလည်း ဒီ စစ်တပ်ကို မလွန်ဆန်ပါဘူး ပြောတယ်။ NDF ဆို ဘာမှ မဆိုင်ဘဲ ဖျက်သိမ်းတယ်။ ဒီတော့ဗျာ ရှင်းပါတယ်။ ဒါ ကလိန်ကကျစ် Election ပဲ။ စစ်အာဏာရှင် စိတ်ကြိုက် ရွေးကောက်ပွဲ အတုအယောင် ရွေးကောက်ပွဲပါပဲ” ဟု အသက် ၃၅နှစ်အရွယ် ရန်ကုန်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
အာဏာသိမ်း စစ်တပ်သည် ဒီဇင်ဘာ ၂၈ ရက်နှင့် ဇန်နဝါရီလအတွင်း အတုအယောင် ရွေးကောက်ပွဲကို သုံးပိုင်းခွဲ ကျင်းပရန် ပြင်ဆင်ထားသည်။
အဆိုပါ ရွေးကောက်ပွဲတွင် အရပ်ဝတ်လဲ စစ်ဗိုလ်ချုပ်များ၏ ကြံ့ခိုင်ရေးပါတီ အနိုင်ရစေရန်လည်း နည်းမျိုးစုံဖြင့် ပြုလုပ်နေပြီး ကြံ့ခိုင်ရေးပါတီကလည်း အာဏာသိမ်း စစ်ခေါင်းဆောင်၏ မူဝါဒများကို ဆက်အကောင်အထည်ဖော်မည်ဟု ကြေညာထားသည်။
