သာကေတမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အမတ်လောင်းများနှင့် ပါတီဝင်များက အစ္စလာမ်ဘာသာဝင်များ၏ မဲရရှိရန်အတွက် ဗလီများ ပြန်လည်ဖွင့်လှစ်ပေးမည်ဟုဆိုကာ မဲဆွယ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“တစ်နေ့က(ဒီဇင်ဘာ ၁ရက်) ကြံ့ခိုင်ရေးကို မဲပေးရင် ပိတ်ထားတဲ့ ဗလီတွေ ပြန်ဖွင့်ပေးမယ်ဆိုပြီး ကမ်းလှမ်းတယ်။ သာကေတထဲမှာ ကပိတ်ထားတဲ့ ဗလီမရှိဘူး။ အစ္စလာမ်ဘာသာရေးစာ သင်ပေးတဲ့ ကျောင်းနှစ်ကျောင်းပဲရှိတာ၊ သူတို့တွေမဲလိုချင်တာနဲ့ ဘာသာရေးကို အသုံးချနေတာ” ဟု သာကေတမြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ကြံ့ခိုင်ရေးပါတီက ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် မကြာသေးမီနှစ်များအတွင်း ပိတ်ဆို့ခံထားရသော ဘာသာရေးအဆောက်အအုံများ ပြန်လည်ဖွင့်လှစ်ရေး ကိစ္စရပ်အား အသုံးချ၍ ဒေသခံ မွတ်စလင် မဲဆန္ဒရှင် အသိုင်းအဝိုင်း၏ ထောက်ခံမှု ကို ရယူရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက မှတ်ချက်ပြုသည်။
သာကေတတွင် ပိတ်ထားရသော အဆောက်အအုံများမှာ ဘာသာရေးကျောင်း (မဒရပ်စာ/Madrasas) များသာဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် အနော်မာ ၁၁ လမ်းနှင့် ၁၂ လမ်းအနီးရှိ အစ္စလာမ်ဘာသာရေးကျောင်းနှစ်ကျောင်းအား တရားဝင်ခွင့်ပြုချက်မရှိဘဲ ဝတ်ပြုရာနေရာအဖြစ် အသုံးပြုသည် ဟု စွပ်စွဲခံရပြီးနောက် အစွန်းရောက် အမျိုးသားရေးအုပ်စုများ၏ ဖိအားပေးမှုဖြင့် အာဏာပိုင်များက ပိတ်ပစ်ခဲ့ဖူးသည်။
ထိုကျောင်းများကို ယနေ့အထိ ပြန်လည်ဖွင့်လှစ်ခွင့် မရသေးသောကြောင့် ကြံ့ခိုင်ရေးပါတီ၏ ကမ်းလှမ်းချက်သည် ယင်းအဆောက်အအုံများကို ဝတ်ပြုရာနေရာအဖြစ် ပြန်လည်အသုံးပြုခွင့်ရရေးကို ရည်ရွယ်ခြင်းဖြစ်သည်။
“ကြံ့ခိုင်ရေးပါတီက ဗလီဖွင့်ပေးဖို့ မဲဆွယ်တာဟာ တစ်ဖက်က မွတ်စလင် မဲဆန္ဒရှင် တွေကို ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်တာ၊ တစ်ဖက်မှာကတော့ အစွန်းရောက် အမျိုးသားရေးလုပ်ဆောင်တဲ့သူတွေအသံထွက်လာနိုင်တယ်။ ဘာဖြစ်မလဲဆက်ကြည့်ရမှာပေါ့၊ မြန်မာနိုင်ငံက ဘာသာရေးအစွန်းရောက်တွေများတယ်လေ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
ကြံ့ခိုင်ရေးပါတီ၏ မဲဆွယ်စည်းရုံးမှုကြောင့် အမျိုးသားရေး လှုပ်ရှားသူများထံမှ ချက်ချင်းဆိုသလို တုံ့ပြန်ကန့်ကွက်မှုများ ပေါ်ပေါက်လာခဲ့သည်။ အမျိုးသားရေး လှုပ်ရှားသူဖြစ်သူ တင်လင်းထိုက် က ပိတ်ထားသော ဗလီများ ပြန်ဖွင့်ပေးပါက ကြံ့ခိုင်ရေးပါတီကို မဲမပေးတော့ကြောင်း လူမှုကွန်ရက်၌ တရားဝင် ပြောဆိုခဲ့သည်။
ထို့အပြင် ဒေသခံများ၏ သတင်းပေးပို့ချက်အရ၊ ကြံ့ခိုင်ရေးပါတီ အမတ်လောင်းများနှင့် ပါတီဝင်များသည် သာကေတမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများကိုပါ ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
နိုင်ငံရေးပါတီတစ်ခုက ရွေးကောက်ပွဲစနစ်၏ လွတ်လပ်မှုကို ထိန်းသိမ်းရမည့် အုပ်ချုပ်ရေးယန္တရားကို ခြိမ်းခြောက်ခြင်းသည် မဲဆန္ဒရှင်များ၏ လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့်ကို ထိခိုက်စေနိုင်သည့် မသမာမှုများ ကို ဖြစ်စေနိုင်ကြောင်း သုံးသပ်သူများက ထောက်ပြသည်။
ကြံ့ခိုင်ရေးပါတီအနေဖြင့် အတုအယောင်ရွေးကောက်ပွဲ၌ နိုင်ငံတစ်ဝန်း အမတ်လောင်း ၁၀၁၈ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး စစ်ကော်မရှင်၏ လမ်းစဉ်အတိုင်း ဆက်လက်ကျင့်သုံးသွားမည်ဟုလည်း ပါတီဥက္ကဌ ခင်ရီက ပြောဆိုထားသည်။
စာတည်း-ကိုဆန်း
