ပခုက္ကူတွင် စစ်ကြောင်း မိုင်း‌ဆွဲခံရပြီးနောက် သေဆုံးစစ်သားအလောင်းကို မသယ်ဘဲ ဆုတ်ပြေး

5 Dec 2025 By Ra Wai / MPA

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း စစ်တပ် မိုင်းဆွဲခံရပြီးနောက် သေဆုံးသွားသည့် စစ်သားတစ်ဦး၏ အလောင်းကို စွန့်ထားခဲ့ကာ ဆုတ်ခွာပြေးသွားကြောင်းသိရသည်။

ဒီဇင်ဘာ ၄ရက်၊ နံနက်အစောပိုင်းတွင် ပခုက္ကူမြို့နယ်၊ ကန်တော်ရွာအနီး၌ အင်အား ၁၂၀ပါ တပ်မ ၉၉စစ်ကြောင်းကို မိုင်း၁၈လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

” ကားကို မိုင်းကြီး တစ်လုံးပါ။ စစ်ကြောင်းကို မိုင်းလတ် ၁၇လုံးပါ။ သူတို့ဘက်ကတော့ လျှောက်ပစ်တာမျိုးတော့ ရှိပါတယ်။ ရုပ်အလောင်းက ထားခဲ့တာပါ။ မြေမြှုပ်ပေးလိုက်ပါတယ်ဗျ” ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုက တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းစစ်သားရုပ်အလောင်းကို မိုင်းဆွဲခဲ့သည့် ကန်တော်ရွာအနီး၌ ရှာတွေ့ခဲ့ပြီး စစ်ကြောင်းမှာ ကန်တော်ရွာထဲသို့ ဝင်ပြေးသွားကြောင်း သိရသည်။

စစ်တပ်သည် ၂၀၂၄ခုနှစ်ကတည်းက ကန်တော်ရွာတွင် အထိုင်ချတပ်စွဲထားပြီး ပြည်သူများနေ ထိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလပိုင်းကလည်း ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူရွာအနီး၌ စစ်ကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ယင်းကားပေါ်တွင် ဖမ်းဆီးခံထားရသည့် ကမ္မမြို့၊အမှတ် ၃ရပ်ကွက်က လင်မယားနှစ်ဦးလွတ်မြောက်လာကြောင်းသိရသည်။

” ကားပျက်သွားပြီး ဆက်မောင်းလို့မရတဲ့အခြေအနေမှာ စစ်အုပ်စုက ကိုယ်လွတ်ရုန်းပြီး ကစဉ့်က လျား ထွက်ပြေးကြပါတယ်။ ပြည်သူ ၂ဦးလည်း လွတ်ရာထွက်ပြေးကြပါတယ်ဗျ။လွတ်မှန်းသိလို့ လိုက်ရှာပြီး ကယ်ထုတ်ရတာပါဗျ။ တစ်နေ့လယ်ခင်းလောက်ရှာလိုက်ရပါတယ်ဗျ” ဟု ၎င်းက ပြောသည်။

အောက်တိုဘာအတွင်း ပေါက်နှင့် မြိုင်မြို့နယ်ထဲသို့ စစ်ကြောင်း ၃ကြောင်း ထိုးလာခဲ့ရာ ဒေသခံတော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲ ၁၁ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သား ၉ဦးသေ၊ ၃၈ဦးဒဏ်ရာရရှိခဲ့ကာ ပါရာမော်တာတစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း Magway PDF က သတင်းထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုကို ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု၊ MAGWAY PDF၊ မြိုင်ပကဖ၊ ပေါက်ပကဖ၊ ဒေသတွင်းတပ်ပေါင်းစုများ၊ ပခုက္ကူခရိုင်လိုကယ်တပ်ရင်းနှင့် ပခုက္ကူခရိုင်စစ်ကြောင်းများ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။

စာတည်း-ML