အတုအယောင် ရွေးကောက်ပွဲပြီးမှ အင်တာနက်ပြန်ကောင်းမည်ဟု စစ်ကော်မရှင်ကြေညာ

ဆိုးရွားနေသည့် အင်တာနက်လိုင်းများသည် အတုအယောင် ရွေးကောက်ပွဲပြုလုပ်ပြီးချိန်rSသာ ပြန်ကောင်းမည် ဖြစ်ကြောင်း အာဏာသိမ်း စစ်ကော်မရှင်က ယနေ့( ဒီဇင်ဘာ ၅ရက်)တွင် ကြေညာသည်။

နိုဝင်ဘာ လဆန်းမှစတင်ကာ လက်ရှိ အချိန်ထိ အင်တာနက်လိုင်းများ ဆိုးရွားစွာ လိုင်းပြတ်၊ လိုင်းကျခြင်းများ ဖြစ်နေခြင်း ဖြစ်ပြီး ယင်းမှာ နိုဝင်ဘာ ၁ရက်က စင်္ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံကို ဆက်သွယ်ထားသော UMO ပင်လယ်ရေအောက် ကေဘယ်ဆက်ကြောင်း ချို့ယွင်းမှုကြောင့်ဟု စစ်ကော်မရှင်ဘက်က ကြေညာသည်။

ယင်းအခြေအနေသည် အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်းပြီးသည့် ဒီဇင်ဘာလကုန်ရောက်မှသာ မူလအတိုင်း ပြန်ကောင်းမည်ဟု စစ်ကော်မရှင်၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ​ကြေညာထားခြင်းဖြစ်သည်။

” UMO ဆက်ကြောင်း ပြုပြင်ခြင်းအား ၂၀၂၅ခုနှစ် ဒီဇင်ဘာလကုန်ခန့်တွင် ဆောင်ရွက် ပြီးစီးမည် ဖြစ်သဖြင့် အင်တာနက် ဝန်ဆောင်မှုများ မူလအခြေအနေသို့ မကြာမီ ပြန်လည်ရောက်ရှိမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်”ဟု ဆိုထားသည်။

ယင်းသို့ အင်တာနက်ပြန်ကောင်းမည့် အချိန်မှာ အတုအယောင် ရွေးကောက်ပွဲ ပထမ အသုတ်အပြီးနှင့် တိုက်ဆိုင်နေသဖြင့် ရည်ရွယ်ချက် ရှိရှိ အင်တာနက်ဖြတ်ထားခြင်းမျိုးဟု ပြည်သူများက ယူဆမှုများရှိနေသည်။

” ရွေးကောက်ပွဲ သပိတ်မှောက်ဖို့ လှုံ့ဆော်တာတွေက အွန်လိုင်းပေါ်မှာဘဲ အဓိက ရှိတာလေ။ လူတွေကို ဒါတွေ မမြင် မတွေ့စေချင်လို့ လုပ်တာမျိုးပါ၊ လမ်းပေါ်မှာဆို သူတို့ မဲဆွယ် ဆိုင်းဘုတ်တွေပဲ တွေ့နိုင်တယ်။ အပြင်မှာ ဆန့်ကျင်တာတွေ မရှိအောင် ထိန်းချုပ်ထားသလို လိုင်းပေါ်မှာလည်း ကြန့်ကြာအောင် လိုင်းဖြတ်ထားတာမျိုးပေါ့” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေး လေ့လာသူတစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်တပ်၏ အင်တာနက်လိုင်းဖြတ်မှုသည် Social App များပေါ် မူတည်၍ ကွာခြားပြီး Tiktok ကဲ့သို့ Social App များသည် လိုင်းကျနေချိန်၌ပင် ကောင်းမွန်စွာ အသုံးပြုနိုင်ကြောင်း ပြည်သူများထံမှ သိရသည်။

” Facebook ၊ Telegram မရဘူး။ Tiktok သုံးကြည့် လိုင်းကရတယ်။ ကောင်းနေတာပဲ။ သူတို့ ဖြတ်ချင်တာကို ဖြတ်ထားတာမျိုးပါ” ဟု ဒီဂျစ်တယ်မားကတ်တင်း အလုပ်လုပ်ကိုင်သူတစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်တပ်သည် ဒီဇင်ဘာ ၂၈ ရက်တွင် အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ယင်းမတိုင်မီတွင် အင်တာနက်လိုင်းများ ဖြတ်ထားခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်တပ်ဘက်က ရေအောက်ကေဘယ်ကြိုးများ ပြတ်ခြင်းကြောင့်ဟု အကြောင်းပြထားသော်လည်း ၄င်းတို့ ထိန်းချုပ်လိုသည့် App များသာ လိုင်းပြတ်ခြင်းများ ဖြစ်နေခြင်းဖြစ်သည်။

စာတည်း-ကိုဆန်း