ထိုင်းရောက် မြန်မာများအတုအယောင် ရွေးကောက်ပွဲ မဲပေးမည် မဟုတ်ဟုဆို

ထိုင်းနိုင်ငံသို့ အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား အများအပြားသည် အာဏာသိမ်း စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲအတွက် မဲပေးကြမည်မဟုတ်ကြောင်း MPA သတင်းဌာနမှ ထိုင်းရောက် ရွှေ့ပြောင်းမြန်မာနိုင်ငံသား ဆယ်ဦးခန့်ကို မေးမြန်းရာ တစ်ညီတညွတ်တည်း ဖြေကြားကြသည်။

အာဏာသိမ်း စစ်တပ်က ဒီဇင်ဘာ ၆ ရက်နှင့် ၇ရက်တို့တွင် ထိုင်းရောက် မြန်မာများအား ကြိုတင်မဲပေးနိုင်သည်ဟု ကြေညာထားခြင်း ဖြစ်သည်။

သို့သော် အဆိုပါ ရွေးကောက်ပွဲကို အယုံအကြည်မရှိသည့် အတွက် မဲပေးမည် မဟုတ်ဟု ဘန်ကောက်မြို့၌ အလုပ်လုပ်ကိုင်နေသည့် အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

” ဘာဖြစ်လို့ မဲပေးရမှာလဲ။ ဒီကောင်တွေအောက်မှာ မနေချင်လို့မှ မရရအောင် ထွက်လာပါတယ် ဆိုမှဗျာ ” ဟု ၄င်းက ပြောသည်။

ထို့ပြင် အဆိုပါ အမျိုးသားက ဘန်ကောက်မြို့ရှိ ၄င်း၏ မြန်မာလူမျိုး မိတ်ဆွေများကလည်း မဲပေးကြမည်မဟုတ်ဟု ဆိုသည်။

မြန်မာနိုင်ငံသား အချို့ကမူ အလုပ်များကို ထား၍ အာဏာသိမ်း စစ်တပ်အတွက် ကြိုတင်မဲ ပေးရလောက်သည်ထိ မအားလပ်ဟု တုံ့ပြန်ပြောဆိုကြသည်။

” အားမနေပါဘူးရှင်။ အလုပ်ပိတ်ရက်ဆို အိမ်အလုပ်တွေ ရှိပါတယ်။ အားအားယားယား ဘာအကျိုးမှမရှိတဲ့ အလုပ်တွေ မလုပ်နိုင်ပါဘူး” ဟု ရန်ကုန်မြို့မှ ဘန်ကောက်မြို့သို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အတူ အာဏာသိမ်း စစ်တပ်က ပုဒ်မ ၅၀၅ (က)ဖြင့် ဖမ်းဝရမ်း ထုတ်သဖြင့် ထိုင်းနိုင်ငံသို့ တိမ်းရှောင်ရောက်ရှိနေသူများကလည်း မဲပေးမည်မဟုတ်ဟု ဆိုကြပြန်သည်။ ၄င်းတို့က စစ်တပ်က အမှုရုပ်သိမ်း ပေးခြင်းကိုပင် အယုံအကြည်မရှိဟု ပြောကြားသည်။

” မဲပေးခွင့် ရှိမရှိကို မသိတာ။ ရှိလည်း မပေးဘူး။ ဒုက္ခအရောက်ခံပြီး လာနေရတာ ဒီကောင်တွေ အကျိုးကို လုပ်ပေးဖို့ မဟုတ်ဘူး။ အမှုရုပ်သိမ်းပေးတာကိုလည်း မယုံဘူး။ ဒီကောင်တွေလောက် ကလိန်ကကျစ်လုပ်တာ ဒီကောင်တွေပဲရှိတယ်” ဟု မဲဆောက်မြို့၌ တိမ်းရှောင်နေထိုင်နေရသူ တစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်တပ်သည် ၄င်းတို့၏ နိုင်ငံရေးထွက်ပေါက်အဖြစ် အတုအယောင်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ရက်နှင့် ဇန်နဝါရီလအတွင်း အပိုင်းသုံးပိုင်းခွဲ ပြုလုပ်မည်ဟု ကြေညာထားသည်။

အဆိုပါ အတုအယောင် ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာများကိုလည်း လာမည့် ရက်များအတွင် ကြိုတင်မဲပေးနိုင်သည်ဟု ကြေညာထားသည်။

စာတည်း-ကိုဆန်း