ပဲခူးတိုင်း ၊ ဖြူးမြို့နယ်၊ဇေယျဝတီမြို့အနီး ပကဖ ရဲဘော်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားစဉ် ထွက်ပြေးသော စစ်သားများကို လိုက်လံပစ်ခတ်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၄ ရက်၊ နံနက် ၁၀ နာရီခွဲခန့်တွင် ဖြူးမြိုနယ်၊ ဇေယျဝတီမြို့ အရှေ့တောင်ဘက်ရှိ ကြပ် ကွင်းကျေးရွာဘက်သို့ ပကဖ ရဲဘော်များ တိုက်ကင်းထွက်လာစဉ် ဆားဂွန်းဂိတ်ရှိ စစ်သားများနှင့် ကြပ်ကွင်းရွာ တာဝါတိုင်အနီး အပြန်အလှန် ထိတွေ့တိုက်ပွဲ နာရီဝက်ခန့်ဖြစ်ပွားခဲ့ ကြောင်း တိုက်ပွဲဖြစ်ပွားစဉ်အတွင်း ထွက်ပြေးသွားသည့် စစ်သားများကို ပကဖ ရဲဘော်များက လိုက်လံပစ်ခတ်ခဲ့ရာ စစ်သား ၂ဦး သေဆုံးကာ တဦးအား အရှင် ဖမ်းမိခဲ့ကြောင်း ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။
“ဆားဂွန်းဂိတ်မှာက အင်အား ၁၀ယောက် ၊ ၁၅ယောက်ရှိပါတယ်။ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းမှာ ဆားဂွန်းဂိတ်ဘက်ကနေ ဒရုန်း တက်လာတယ်။အသီးတော့ မချသွားပါဘူး”ဟု ဖြူးမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
နိုဝင်ဘာ ၄ ရက်ညတွင် အရှင်ဖမ်းဆီးမိလာသည့် စစ်သား ၂ ဦးဖြစ်သော ကြည်တင်နှင့် မြင့်ကြည်တို့ကို လိုအပ်သည့် အချက်အလက်များ မေးမြန်းနေစဉ် ကြည်တင်သည် ပကဖရဲဘော် ကိုင်ဆောင်ထားသောပစ္စတိုသေနတ်အား လုယူထွက်ပြေးကာ ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်း ဆီးခဲ့ရာ ၂ဦီး သေဆုံးသွားကြောင်း သိရသည်။
“သေချာခုံမှာထိုင်ခိုင်းထားပြီး ကောင်းကောင်းမွန်မွန်မေးနေတာပါ။ သူတို့က လက်နက်လုပြီး ပြေးတော့ ဘေးကရဲဘော်တွေက ပစ်လိုက်ရတာပါ။ ကြည်တင်က နယ်မြေခံပါ။ လာတဲ့စစ် ကြောင်းကို သူကဦးဆောင်တာပါ။ ပြည်သူတွေကိုဖမ်းတယ်။ သတင်းထောက်တွေလွှတ်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
သေနတ်လု ထွက်ပြေးသည့် တင်ကြည်သည် ခမရ ၃၀၆ တပ်ရင်းမှ တပ်ကြပ်ကြီး ရာထူးဖြင့် ပင်စင်ယူထားသူဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် ပြန်လည်ပူးပေါင်းကာ ဆားဂွန်းနှင့် တံခွန်တိုင်ဂိတ်တို့၌ တာဝန်ထမ်းဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
အရှင်ဖမ်းမိပြီး သေဆုံးသွားသည့်စစ်သား၂ဦးထံမှ G3 သေနတ်တစ်လက် ၊ G4 တစ်လက် ၊ ကျည်ဘောက် ၅ ခုနှင့် ကျည် ၁၅တောင့် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
စစ်သားများ သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
ဆားဂွန်းဂိတ်သည် ဇေယျဝတီမြို့နှင့် တစ်မိုင်ကျော်သာ ဝေးပြီး ဖြူးမြို့နှင့် ၂ မိုင်ကျော်ဝေးသည်။
စာတည်း-ML
