လက်ပံတန်းတွင် စစ်တပ်ကင်းပုန်းကို PDF ပစ်ခတ်၊ ၂ ဦး သေဆုံးဟုဆို

ဓာတ်ပုံ - လူမှုကွန်ရက်

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ မကျီးကွင်းအရှေ့စုရွာ ဆည်ဘောင်အနီး ကင်းပုန်းဝပ်နေသော စစ်သားများကို PDF တို့ ပစ်ခတ်ရာ ၂ဦးသေဆုံးကြောင်း သိရသည်။

ဒီဇင်ဘာ ၇ရက်၊ မွန်းလွဲ ၂နာရီခန့်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၃ နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ရဲဘော်အချို့ သတင်းထောက်လှမ်းရန် သွားရောက်စဥ် မကျီးကွင်းအရှေ့စုရွာ ဆည်ဘောင်အနီး ကင်းပုန်းဝပ်နေသော စစ်သားများကို တွေ့ကာ ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

” ကင်းပုန်းဝပ်တာက အယောက် ၃၀လောက်ရှိတယ်။ ဘယ်အထိုင်ချစခန်းကလဲတော့ မသိရဘူး။ ကျနော်တို့တွေ စခ သတင်းစုံစမ်းဖို့သွားရင်း ၂ကောင် ကင်းပုန်းဝပ်နေတာ မြင်တာနဲ့ပစ်သတ်လိုက်တာ။ အဲလိုပစ်သတ်ပြီးရော တခြားကင်းပုန်းဝပ်တဲ့ကောင်တွေပေါ်လာပြီး အပြန်အလှန်ပစ်ကြတာ။ ထိတွေ့က မိနစ်ပိုင်းပဲကြာတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၃ မှ ပြန်ကြားရေးတာဝန်ခံက MPA ကို ပြောသည်။

ယင်းတိုက်ပွဲအတွင်း PDF ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ် တစ်စီး၊ ဖုန်း ၂လုံး နှင့် လွယ်အိတ် တစ်လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

” ရဲဘော်က ပုန်းနေတဲ့ စခတွေပစ်တဲ့ လက်နက်ကြီးထိလို့ ဒဏ်ရာရသွားတာ။ လက်ကိုပါ။ ဒဏ်ရာတော့များပေမဲ့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။ သူတို့က နေရာခွဲပြီး ကင်းပုန်းဝပ်နေကြ တာ။ ဆည်ဘောင်ဘေးမှာ ကားလမ်းကရှိတယ်လေ။ ရန်ကုန်-ပြည်လမ်း ” ဟု ၎င်းကပြောသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် နေရာသည် ပဲခူးရိုးမဘက်မှ ဆင်းလာလျှင် ရန်ကုန်-ပြည်ကားလမ်း ပေါ်သို့ တက်သည့်နေရာဖြစ်သည့်အတွက် စစ်သားများ ကင်းပုန်းလာဝပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

စစ်အုပ်စုဝင်များ သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။