မြန်မာစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပြတ်သားစွာ ရှုတ်ချပေးရန်နှင့် ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် မည်သည့်ရလဒ်၊ မည်သည့်အစိုးရကိုမျှ လုံးဝအသိအမှတ်မပြုဘဲ ဆန့်ကျင် ကန့်ကွက်ရန် ကိုရီးယားအစိုးရနှင့်ပြည်သူများထံသို့ တောင်းဆိုခဲ့သည်။
ဒီဇင်ဘာ ၇ ရက်၊ မွန်းလွဲပိုင်းက တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် ကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြပွဲ၌ စစ်အုပ်စု ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီက ကိုရီးယား-မြန်မာ နှစ်ဘာသာဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ရာ အထက်ပါအတိုင်း တောင်းဆိုခဲ့သည်။
“စစ်အုပ်စု အကျိုးစီးပွားနဲ့ စစ်ဗိုလ်ချုပ်တွေရှင်သန်ဖို့ ဆက်ဂုတ်သွေးစုပ်မယ့် လုပ်ပွဲကို ငုံ့မခံ တုံ့ပြန်ကြပါ။ ဥာဏ်နဲ့ ယှဥ်ပြီး တော်လှန်ကြပါ။ဒီရွေးကောက်ပွဲအတုကြီးပြီး လည်း တော်လှန်ရေးက ဆက်ချမယ်.. ဆက်သွားမယ်၊လူထုအင်အားကို ကျွန်တော်တို့ယုံတယ်”ဟု ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီဝင် ဦးကျော်ဆန်းက ပြောသည်။
ဒယ်ဂူးမြို့ဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံရှိ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) က တာဝန်ယူ၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ရုံး၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီတို့အပါအဝင် တော်လှန်ရေးအဖွဲ့ ၃၉ ခု ပါဝင်သည့် “စစ်အုပ်စု ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ” တို့ ပူးပေါင်းပါ ဝင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံရောက် မြန်မာပြည်သူ ၃၀၀ ကျော် တက်ရောက်ဆင်နွှဲခဲ့ကြောင်း ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီက ထုတ်ပြန်သည်။



ယင်းဆန္ဒပြပွဲကို တော်လှန်ရေးအင်အားစုများအပြင် ဆိုးလ်၊ ဂယောင်ဂီဒို၊ အင်ချွန်း၊ ဖာဂျုး၊ ဂွမ်ဂျုး၊ ဖိုချွန်း ၊ဂင်ဖို၊ ဂူမီ၊ ဂင်မဲ ၊ဘူဆန်၊ ဂေါ်ဂျယ်၊ ဒယ်ဂျွန်၊ ချွန်းနန်း၊ ဖျောင်းထက်၊ အန်ဆန်း စသည့် မြို့များမှ တော်လှန်ပြည်သူများ တက်ရောက်ဆင်နွှဲခဲ့ကြသည်။
ယင်းဆန္ဒပြပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း က အဖွင့်အမှာစကားပြောခဲ့ပြီး မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်း ချုပ်(MFDMC) ဒုဥက္ကဌ ဦးဘုန်းနိုင်၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဌ ဦးဝင်းပေါ် မောင်တို့က တော်လှန်ရေးအားပေးစကားနှင့် ရွေးကောက်ပွဲဆန့်ကျင်ရေးဆိုင်ရာများ ပြောကြားခဲ့ကာ MFDMC အတွင်းရေးမှူးကော်မတီနှင့် စည်းရုံးရေးတာဝန်ခံများ၊ တော်လှန်ရေးအဖွဲ့အစည်းတာဝန် ခံ များက အမှာစကား ပြောကြားခဲ့သည်။
ထို့အပြင် ရွေးကောက်ပွဲဆန့်ကျင်ရေး ကြွေးကြော်သံများ၊ တော်လှန်ရေးကဗျာကဏ္ဍ၊ တော်လှန်ရေး ရင်ဖွင့်စကားကဏ္ဍ၊ တေးသီကဏ္ဍများလည်း လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
ဒေသအသီးသီးရှိ တော်လှန်ရေးအဖွဲ့ ၃၉ ခု ပါဝင်သည့် “စစ်အုပ်စု ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူး ပေါင်းလှုပ်ရှားမှုကော်မတီ” တို့က အွန်လိုင်းကမ်ပိန်းများ၊ ဆွေးနွေးပွဲများနှင့် စစ်တမ်းကောက်ခြင်း များလည်း ဆောင်ရွက်လျက်ရှိသည်။
