By MPA
ထိုင်းနိုင်ငံမှာ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ဘုရင်စနစ် ထောက်ခံသူနဲ့ ဆန့်ကျင်သူတွေကြားက လွန်ဆွဲပွဲတွေကြောင့် နိုင်ငံရေးအကျပ်အတည်းတွေ ဖြစ်ပေါ်နေခဲ့တာပါ။ အဲဒီရွေးကောက်ပွဲကို အနိုင်ရခဲ့တဲ့ Move Forward Party လည်း အစိုးရဖွဲ့ခွင့်မရခဲ့ဘဲ နိုင်ငံရဲ့အခြေခံဥပဒေခုံရုံးကနေ ပါတီခေါင်းဆောင်တွေကို နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်ပိတ်ပင်ပြစ်ဒဏ်ချမှတ်ခဲ့သလို ပါတီလည်း ဖျက်သိမ်းလိုက်ရပါတယ်။
အဲဒီနောက် ညွှန့်ပေါင်းအစိုးရဖွဲ့ပြီးနောက် အိမ်ခြံမြေသူဋ္ဌေးကြီး ဆရက်သာ သာဗီဆင်ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့ကြပါတယ်။ အဲဒီနောက် တစ်နှစ်ခန့်အကြာမှာပဲ ထောင်ကျဖူးတဲ့ရှေ့နေကို အစိုးရအဖွဲ့ထဲ ခေါ်သွင်းမှနဲ့အတူ အခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ ဖြုတ်ချတာခံခဲ့ရပါတယ်။
တစ်ခါ အချမ်းသာဆုံး ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှာနာဝပ်ရဲ့သမီး ပေထုမ်တန် ရှင်နာဝပ်က အသက်ငယ်ဆုံးအမျိုးသမီး ဝန်ကြီးချုပ်ဆိုတဲ့ စံချိန်နဲ့အတူ တက်ရောက်လာပြန်ပေမဲ့ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းပြောဆိုမှုအသံဖိုင်ပေါက်ကြားခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့က ဖယ်ရှားခဲ့ပြန်ပါတယ်။
အခုတော့ အစိုးရတစ်ဆက်အတွင်း သုံးယောက်မြောက် ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် အနုတင် ချန်ဝီရာကူ(Anutin Charnvirakul)ကို စက်တင်ဘာ ၅ ရက် ဒီနေ့မှာ ထပ်မံတင်မြှောက်လိုက်ပြန်ပြီဖြစ်ပါတယ်။
လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ အနုတင်က ဖွေထိုင်းပါတီက ပြိုင်ဘက် ဝန်ကြီးချုပ်လောင်း ချိုင်းကာဆမ်က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ မဲခွဲပွဲမှာ အနုတင်က ၃၁၁ မဲအထိရရှိခဲ့ပေမဲ့ ချိုင်းကာဆမ်ကတော့ ၁၅၂ မဲသာ ရရှိခဲ့ပါတယ်။
ဒီတော့ ဝန်ကြီးချုပ်သစ် အနုတင်ဆိုတာဘယ်သူလဲ။ သူ့ရဲ့ ဘက်ဂရောင်းက ဘာတွေရှိနေပါသလဲ။
အနုတင်ဟာ စီးပွားရေးလုပ်ငန်းရှင်ဟောင်းတစ်ဦးဖြစ်ပြီး နိုင်ငံရေးလောကမှာလည်း အတွေ့အကြုံများစွာရှိသူဖြစ်ပါတယ်။
အနုတင်ဟာ အင်ဂျင်နီယာဘွဲ့ကို အမေရိကန်နိုင်ငံ Hofstra တက္ကသိုလ်ကနေ ရရှိခဲ့ပါတယ်။ ဘွဲ့ရပြီးနောက် ဖခင်ပိုင်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Sino-Thai Engineering and Construction မှာ အုပ်ချုပ်မှု ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ပါတယ်။
သူဟာ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်က ကမ္ဘာကျော် သုဝဏ္ဏဘူမိလေဆိပ်ကို တာဝန်ယူတည်ဆောက်ခဲ့သူဖြစ်ပါတယ်။
အနုတင်ဟာ ၂၀၀၄ ကနေ ၂၀၀၆ ခုနှစ်အထိ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွေမှာ ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ဒုဝန်ကြီးချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။ အဲဒီလိုတာဝန်ယူခဲ့ချိန် အထူးသဖြင့် COVID-19 ကပ်ရောဂါကာလအတွင်း ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍကို ဦးဆောင်ခဲ့သူအဖြစ် လူသိများထင်ရှားပါတယ်။
အနုတင်ဟာ ဘုရင်စနစ်ကို ဦးထိပ်ထားတဲ့ ဒီမိုကရေစီစနစ်ကို ယုံကြည်သူဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့အတွက် ပြန်လည်ရင်ကြားစေ့ရေး(Amnesty)ကို ထောက်ခံသူတစ်ဦးလည်းဖြစ်ပါတယ်။
ဘွမ်ဂျိုင်ထိုင်းပါတီခေါင်းဆောင် အနုတင်ဟာ ဆေးခြောက် လွတ်လပ်ခွင့်ပေးရေးမူဝါဒကို ဦးဆောင်ခဲ့သူအဖြစ်လည်း ထင်ရှားပါတယ်။ ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ယူစဉ် ၂၀၂၂ ခုနှစ်မှာ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးပြုဖို့ ရည်ရွယ်ပြီး ပြစ်မှုဆိုင်ရာအဖြစ်က ပယ်ဖျက်ရန် တွန်းအားပေးခဲ့ရာ ကျေးလက်ဒေသရှိ မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ရပ်တည်ချက်ကြောင့် “ဆေးခြောက်” ဟာ ဘွမ်ဂျိုင်ထိုင်းပါတီရဲ့ ပြည်သူလူထုအကျိုးပြု မူဝါဒအတွက် အဓိကအချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
