စစ်အုပ်စု ထိန်းချုပ်ရာမြို့ပြမှာသာ သေနတ်ထောက် မဲပေးခိုင်း၍ရမည် ဟုဆိုကာ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး Billboard များထောင်

ဓာတ်ပုံ-ယင်းမာပင်မြို့နယ်သပိတ်အင်အားစု

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးBillboardများကို အများပြည်သူသွားလာရာ လမ်းမကြီးများတွင် စိုက်ထူခဲ့ကြောင်း ယင်းမာပင်မြို့နယ်သပိတ်အင်အားစုထံမှ သိရသည်။

စစ်ကော်မရှင်က အတုအယောင်ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ၂၈ရက်နှင့် ဇန်နဝါရီ တို့တွင် အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

စစ်ကော်မရှင်က ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲမျှသာဖြစ်ပြီး ပြည်သူတစ်ရပ်လုံး ရင်ဆိုင်ကြုံတွေ့နေရသော အထွေထွေအကျပ်အတည်းများကို ဖြေရှင်းပေးနိုင်မည်မဟုတ်ဘဲ စစ်ကော်မရှင်၏ထွက်ပေါက်အတွက် ထောင်ချောက်တစ်ခုသာ ဖြစ်ကြောင်း ယင်းမာပင်မြို့နယ်သပိတ်အင်အားစု၊ လုပ်ငန်းအဖွဲ့ဝင် ကိုယုမော်ကMPAကိုပြောသည်။

” အဓိက ကတော့ သပိတ်အင်အားစုတွေ လှုပ်ရှားနေတဲ့ မြို့နယ်တွေမှာ ထောင်ဖြစ်တာများတယ်ပေါ့လေ။ အရေအတွက်အရတော့ လှုပ်ရှားလို့အဆင်ပြေတာရယ်၊ လူအများမြင်နိုင်မယ့်၊ လှုပ်ရှားသွားလာ စည်ကားတဲ့ နေရာအပေါ်မူတည်ပါတယ်။ တမြို့နယ်ကို အနည်းဆုံး လေးနေရာလောက်ထိ လှုပ်ရှားနေတာရှိပါတယ်”ဟု ၎င်းကဆိုသည်။

ထိုလှုပ်ရှားမှုသည် စစ်ကော်မရှင်အနေဖြင့် ၎င်းတို့ထိန်းချုပ်ထားသည့် မြို့ပြတွင်သာ ပြည်သူများအားသေနတ်ထောက်၍ မိမိဆန္ဒမပါဘဲ မဲပေးခိုင်းနိုင်မည်ဖြစ်ပြီး တော်လှန်စိုးမိုးနယ်မြေများမှ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲအားဆန့်ကျင်ပြီး လွတ် လပ်မှုနှင့် တရားမျှတမှု မရှိသောရွေးကောက်ပွဲဖြစ်ကြောင်း ပြသခြင်းဖြစ်သည်ဟု ယင်းမာပင်မြို့နယ်သပိတ်အင်အားစုက ထုတ်ပြန်သည်။

ယင်းမာပင်မြို့နယ်တွင် စစ်ကော်မရှင်က ယင်းမာပင်မြို့၊ ဘန့်ဘွေးပျူရွာ၊ ၂၈တပ်ရင်းနှင့် စစ်မှုထမ်းဟောင်းကုန်းတို့တွင်သာ အထိုင်ချတပ်စွဲထားနိုင်ပြီး ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ယင်းမာပင်မြို့နယ်မပါဝင်ကြောင်း သိရသည်။

သို့သော် ယင်းမာပင်မြို့နယ်သပိတ်အင်အားစုအနေဖြင့် ” သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” “အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ” စသည့် စာသားများပါ Billbordများ​ထောင်၍ ဘန်နာများကိုကိုင်ဆောင်ကာ ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုသပိတ်များကို နေ့စဥ်ပြုလုပ်လျက်ရှိသည်။

” ကျတော်တို့ရည်ရွယ်ချက်က ယင်းမာပင်မြို့နယ်မှာရွေးကောက်ပွဲလုပ်ခြင်းမလုပ်ခြင်းဆိုတာထက် သတင်းစကားပြန့်နှံ့ဖို့အတွက် ဒီလိုBillboardထောင်တာ၊ ဆန္ဒပြတာတွေလုပ်တာပေါ့လေ။ နိုင်ငံတကာရဲ့အခြေအနေမှာလည်း လူထုရဲ့အားကိုစောင့်ကြည့်တဲ့အနေအထားတွေရှိတယ်။ ဒီလိုမျိုးအခြေအနေမှာ လူထုသပိတ်တွေဟာ အင်မတန်မှ စစ်တပ်ရဲ့စိတ်ဓာတ်စစ်ဆင်ရေးအရရော ယိုင်နဲ့စေတဲ့အရာလို့ ကျတော်တော့ပြောချင်ပါတယ် “ဟု ယင်းမာပင်မြို့နယ်လူထုသပိတ်အင်အားစုမှ ကိုစနေက ​ပြောသည်။

စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး Billboardထောင်ခြင်း၊ လူထုသပိတ်များကို ယင်းမာပင်မြို့နယ်အပြင် သပိတ်အင်အားစုများတည်ရှိရာ မြို့နယ်အသီးသီးတွင်လည်း ပြုလုပ်လျက်ရှိပြီး ယင်းမာပင်၊ မန္တလေး၊ သပိတ်ကျင်း၊ ချောင်းဦးနှင့် မြောင်မြို့နယ်အတွင်းထောင်ထားသည့် Billboard​အချို့ ဖြုတ်ချဖျက်ဆီးခံရမှုများလည်း ရှိကြောင်း၎င်းကဆက်လက်ပြောသည်။

” တချို့သူတို့အမြင်ကတော့ လွတ်မြောက်တဲ့နေရာမှာမလိုဘူးလို့ မြင်တဲ့အမြင်တွေလည်းရှိတာပေါ့ဗျာ။ ပြီးတော့ လေကြောင်းအန္တရာယ်ဆိုတဲ့ အမြင်တွေလည်းရှိတာပေါ့ဗျာ။ ဒါပေမဲ့ စစ်တပ်က မဲထည့်ရအောင် ပုံစံအမျိုးမျိုးနဲ့ မဲထည့်အောင်ဆောင်ရွက်နေတာမျိုးတွေရှိတယ်။ ဥပမာ ဆီပေးဆန်ပေးနဲ့ မဲထည့်ခိုင်းခဲ့တာတွေလည်းရှိတယ်။ ခရီးသွားလမ်းလာတွေကို မဲထည့်ခိုင်းမယ်ဆိုတဲ့အခြေအနေလည်းရှိတယ်။ ဒီအခြေအနေမျိုးတွေကို လူထုအသိပညာပေးလုပ်တဲ့နေရာမှာ ဒီလိုမျိုးဖြုတ်ချတာတွေကိုတော့ စိတ်မကောင်းဖြစ်မိတယ်ပေါ့လေ ´ဟု ကိုစနေက ပြောသည်။

ယင်းအပြင် ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ပြုသူ့ထောက်ခံမှုရရှိနေသယောင် စစ်ကော်မရှင်၏ဝါဒဖြန့်မှုများအား ဆန့်ကျင်ရန် ဒီဇင်ဘာ (၁၀)ရက်၊ နံနက်၁၀နာရီမှ ညနေ၃နာရီအထိ ပြည်လုံးကျွတ် အသံတိတ်သပိတ်ပြုလုပ်မည်ဖြစ်ကြောင်း General Strike Coordination Body(GSCB)က ကြေညာထားသည်။