ကင်ဆာဖြစ်စေနိုင်သည့် မျိုးရိုးဗီဇရှိနေသော သုက်ပိုးအလှူရှင်တစ်ဦးထံမှ ကလေးငယ် ၂၀၀ သန္ဓေတည်ခဲ့

Global News

ကင်ဆာဖြစ်စေနိုင်သည့် မျိုးရိုးဗီဇရှိနေသော သုက်ပိုးအလှူရှင်တစ်ဦး၏ သုက်ပိုးဖြင့် ဥရောပတွင် ကလေးငယ် ၂၀၀ နီးပါး သန္ဓေတည်ခဲ့ကြောင်း BBC သတင်းဌာန၊ အခြားပြည်သူပိုင် သတင်းဌာန ၁၄ ခုအပြင် ဥရောပထုတ်လွှင့်မှုသမဂ္ဂ (European Broadcasting Union’s Investigative Journalism Network-EBU) ၏ စုံစမ်းထောက်လှမ်းရေး သတင်းကွန်ရက် အဖွဲ့ဝင်များ၏ သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ သုတ်ပိုးအလှူရှင်မှ မွေးဖွားခဲ့သော ကလေးငယ်အချို့မှာ သေဆုံးခဲ့ပြီးဖြစ်ပြီး ထိုမျိုးရိုးဗီဇကို အမွေဆက်ခံရသူများအနက် အနည်းစုသာ ၎င်းတို့၏ဘဝတစ်လျှောက်လုံးတွင် ကင်ဆာမဖြစ်ဘဲ နေနိုင်မည်ဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

အဆိုပါ သုက်ပိုးများကို ဗြိတိန်တွင် အသုံးမပြုခဲ့သော်လည်း ဒိန်းမတ်နိုင်ငံ၌ သားသမီးရယူလိုသည့် ကုသမှုကို ခံယူခဲ့သော ဗြိတိန်မိသားစု အနည်းငယ်က အဆိုပါ အလှူရှင်၏ သုတ်ပိုးများကို အသုံးပြုခဲ့ကြသည်။

ဒိန်းမတ်နိုင်ငံရှိ ဥရောပသုက်ပိုးဘဏ် (European Sperm Bank) သည် အဆိုပါ သုက်ပိုးကို ရောင်းချခဲ့ပြီး ထိခိုက်နစ်နာခဲ့သော မိသားစုများကို “အနက်ရှိုင်းဆုံးသော ထပ်တူခံစားရပါကြောင်း” ပြောကြားကာ အချို့နိုင်ငံများတွင် ထိုသုက်ပိုးကို ကလေးငယ်များစွာ သန္ဓေတည်ရန် အသုံးပြုခဲ့ကြောင်း အတည်ပြုခဲ့သည်။

အဆိုပါ သုက်ပိုးကို အမည်မသိ အမျိုးသားတစ်ဦးထံမှ ၂၀၀၅ ခုနှစ်၊ အဆိုပါအမျိုးသား အသက် ၁၇ နှစ်အရွယ် ကျောင်းသားဘဝက ရရှိခဲ့ခြင်းဖြစ်ကာ ၎င်း၏ သုက်ပိုးကို ၁၇ နှစ်ခန့် အသုံးပြုခဲ့သည်။

အဆိုပါ အမျိုးသားမှာ ကျန်းမာရေးကောင်းမွန်ပြီး လှူဒါန်းစဉ်ကလည်း ကျန်းမာခဲ့သည်၊ လှူဒါန်းရန်အတွက် လိုအပ်သော စစ်ဆေးမှုများကို အောင်မြင်ခဲ့သည်။ သို့သော် ၎င်း၏ဆဲလ်အချို့ရှိ DNA များ ပြောင်းလဲသွားခဲ့ပြီး ကင်ဆာဆဲလ်များ ပျံ့နှံ့မှုကို တားဆီးရာတွင် အရေးပါသော TP53 ဗီဇကို ထိခိုက်စေခဲ့သည်။

အလှူရှင်၏ ခန္ဓာကိုယ် အများစုတွင် ထိခိုက်နေသော ဗီဇ မပါဝင်သော်လည်း ၎င်း၏ သုက်ပိုး ၂၀ ရာခိုင်နှုန်းအထိတွင် ပါဝင်နေကြောင်း စုံစမ်းစစ်ဆေးမှုက တွေ့ရှိခဲ့သည်။

ထိခိုက်ထားသော သုက်ပိုးမှ သန္ဓေတည်သော ကလေးငယ်တိုင်းသည် ၎င်းတို့၏ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းတွင် ဗီဇပြောင်းလဲမှုကို သယ်ဆောင်လာမည်ဖြစ်ပြီး ၎င်းတို့အား Li-Fraumeni syndrome ဟုခေါ်သော မျိုးရိုးဗီဇချို့ယွင်းမှုတစ်ခုနှင့် ရင်ဆိုင်စေကာ ယင်းချို့ယွင်းမှုသည် ဦးနှောက်အကျိတ်များနှင့် သွေးကင်ဆာကဲ့သို့သော ကလေးဘဝ ကင်ဆာများ အပါအဝင် လူတစ်ဦး၏ ဘဝတစ်လျှောက်လုံးတွင် ကင်ဆာဖြစ်ပွားနိုင်ခြေကို သိသိသာသာ မြင့်တက်စေမည်ဖြစ်သည်။

လန်ဒန်မြို့ရှိ ကင်ဆာသုတေသနအဖွဲ့မှ ကင်ဆာမျိုးရိုးဗီဇပညာရှင် ပါမောက္ခ ကလဲ တန်းဘူးလ် က “ဒါဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ရောဂါရှာဖွေတွေ့ရှိမှုပါ။ ဒီအန္တရာယ်နဲ့ တစ်သက်လုံး ရှင်သန်နေထိုင်ရတဲ့ ဝန်ထုပ်ဝန်ပိုးရှိပြီး မိသားစုအတွက် ထိခိုက်နာကျင်စေတာတော့ သေချာပါတယ်” ဟု BBC သို့ ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှုအရ Li-Fraumeni syndrome ရှိသူများသည် ကင်ဆာဖြစ်ပွားနိုင်ခြေ ၉၀ ရာခိုင်နှုန်းရှိပြီး ၎င်းတို့အား တစ်သက်တာလုံး နှစ်စဉ် MRI စကင်န်များနှင့် အာထရာဆောင်းများ ပြုလုပ်ရန် လိုအပ်စေသည်။ ဤဗီဇပြောင်းလဲမှုရှိသော အမျိုးသမီးများသည် ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချရန်အတွက် ရင်သားနှစ်ဖက်လုံးကို ခွဲစိတ်ဖယ်ရှားသည့် (double mastectomy) ကို ပြုလုပ်ရန်လည်း ရွေးချယ်နိုင်ပါသည်။

ဥရောပသုက်ပိုးဘဏ်က ယခုကဲ့သို့သော ဗီဇပြောင်းလဲမှုမျိုးကို “မျိုးရိုးဗီဇစစ်ဆေးခြင်းဖြင့် ကြိုတင်ကာကွယ်မှုအဖြစ် ရှာဖွေတွေ့ရှိခြင်းမရှိပါ” ဟု ရှင်းပြခဲ့ပြီး ဗီဇပြောင်းလဲမှုကို တွေ့ရှိပြီးနောက် အလှူရှင်၏ သုက်ပိုးများကို သုံးစွဲမှုမှ ရပ်ဆိုင်းခဲ့သည်ဟု ဆိုသည်။

သုက်ပိုးအလှူရှင်နှင့် ဆက်စပ်သော ကင်ဆာရောဂါဖြင့် ကလေးငယ်များကို ကုသပေးနေသည့် ဆရာဝန်များသည် ယခုနှစ် ဥရောပ လူ့မျိုးရိုးဗီဇအဖွဲ့အစည်း (European Society of Human Genetics) တွင် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ဖော်ပြခဲ့ကြသည်။

၎င်းတို့သည် အဆိုပါအလှူရှင်မှ မွေးဖွားခဲ့ကြောင်း သိရှိရသည့် ကလေးငယ် ၆၇ ဦးအနက် ဗီဇပြောင်းလဲမှုရှိသူ ၂၃ ဦးကို တွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ ၆၇ ဦးအနက် ၁၀ ဦးသည် ကင်ဆာရောဂါ စတင်တွေ့ရှိထားပြီးဖြစ်သည်။

အဆိုပါ အလှူရှင်၏ သုက်ပိုးကို အသုံးပြု၍ အနည်းဆုံး ကလေးငယ် ၁၉၇ ဦး မွေးဖွားခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုက တွေ့ရှိခဲ့သည်။

အချက်အလက်များကို ပထမဆုံး တင်ပြခဲ့သည့် ပြင်သစ် ကင်ဆာမျိုးရိုးဗီဇပညာရှင် ဒေါက်တာ အက်ဒဝစ် ကက်စပါ (Dr. Edwige Kasper) က စုံစမ်းစစ်ဆေးသူများအား “ကင်ဆာဖြစ်ပွားပြီးသား ကလေးငယ် အများအပြား ရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်မတို့မှာ မတူညီတဲ့ ကင်ဆာနှစ်မျိုး ဖြစ်ပွားပြီးသား ကလေးအချို့ ရှိနေပြီး တချို့ဆိုရင် အရမ်းငယ်ရွယ်တဲ့ အသက်အရွယ်မှာပဲ သေဆုံးသွားခဲ့ကြပါတယ်” ဟု သူမက ဖြည့်စွက် ပြောကြားခဲ့သည်။
အဆိုပါ အလှူရှင်၏ သုက်ပိုးကို အသုံးပြု၍ သန္ဓေတည်ခဲ့သော ကလေးငယ်များ၏ မိဘများကို ၎င်းတို့၏ ဆေးခန်းများက ဆက်သွယ်အကြောင်းကြားထားပြီး ကလေးများကို စစ်ဆေးမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။

မျိုးအောင်ကုသရေး ဆေးခန်း ၆၇ ခုသည် မတူညီသော နိုင်ငံ ၁၄ နိုင်ငံတွင် အဆိုပါ အလှူရှင်၏ သုက်ပိုးကို အသုံးပြုခဲ့ကြသည်။

အလှူရှင်တစ်ဦး၏ သုက်ပိုးကို အသုံးပြုနိုင်သည့် အကြိမ်အရေအတွက်ကို ကန့်သတ်ထားသည့် တစ်ခုတည်းသော ဥပဒေ မရှိသော်လည်း နိုင်ငံအသီးသီးက ၎င်းတို့၏ ကန့်သတ်ချက်များကို သတ်မှတ်ထားကြပြီး ယခုအခြေအနေတွင် ထိုကန့်သတ်ချက်များ ချိုးဖောက်ခံခဲ့ရသည်။

ဘယ်လ်ဂျီယံတွင် သုက်ပိုးအလှူရှင်တစ်ဦးကို မိသားစု ၆ စုသာ အသုံးပြုခွင့်ရှိသည်။ သို့သော် အစီရင်ခံစာအရ အမျိုးသမီး ၃၈ ဦးသည် အဆိုပါ အလှူရှင်ထံမှ ကလေးငယ် ၅၃ ဦးကို မွေးဖွားခဲ့ကြသည်။

ကနေဒါနိုင်ငံတွင် သုက်ပိုးအလှူရှင်တစ်ဦးကို အသုံးပြုနိုင်သည့် မိသားစုအရေအတွက်အတွက် ဖက်ဒရယ်ကန့်သတ်ချက် မရှိသော်လည်း ဆေးခန်းများနှင့် ပြည်နယ်များက ၎င်းတို့၏ စည်းမျဉ်းများကို သတ်မှတ်နိုင်သည်။

ဥပမာ Quebec Sperm Bank တွင် အလှူရှင်များကို မိသားစု ၁၀ စုအထိ ကန့်သတ်ထားသည်။
အွန်တက်ရီယိုတွင် ဥပဒေအရ ကန့်သတ်ချက် မရှိသော်လည်း ၎င်းပြည်နယ်သည် ဗြိတိသျှကိုလံဘီယာနှင့် အယ်လ်ဘာတာတို့နှင့်အတူ သန္ဓေတည်သောကလေး၏ မိဘတာဝန်ကို အလှူရှင်အတွက် လျှော့ပေါ့ပေးသည့် ဥပဒေ ရှိသည်ဟု Fertility Law Canada က ဆိုသည်။