ရခိုင်မြောက်ပိုင်းကို စစ်တပ် ဗုံးကြဲနေချိန် မောင်တောနယ်စပ် AA ကင်းစခန်းအား အာဆာအဖွဲ့ ပစ်ခတ်

ရခိုင်မြောက်ပိုင်းက‌ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် မြောက်ဦးအပါအဝင် မြို့နယ်အချို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေချိန် မောင်တောနယ်စပ်က AA ကင်းစခန်းတစ်ခုအား အာဆာလက်နက်ကိုင်အဖွဲ့က ပစ်ခတ်သဖြင့် တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

နတ်မြစ်အတွင်း ကျီးကျွန်းပေါ်က AA ကင်းစခန်းကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းတွင်ခြေကုပ်ယူထားသည့် ARSA အဖွဲ့က ယနေ့ (ဒီဇင်ဘာလ ၁၃ ရက်) နံနက် ၆ နာရီခွဲခန့်၌ စတင်ပစ်ခတ်ခဲ့ကြောင်း နံ့သာတောင်ဒေသခံတစ်ဦးက ဆိုသည်။

“အာဆာအဖွဲ့က AA ကင်းစခန်းကို စပစ်လို့ တိုက်ပွဲအပြန်အလှန်ဖြစ်ကြတာ။ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်နေကြတာကို ကြားနေရတယ်” ဟု နံ့သာတောင် ကျေးရွာသားက ပြောသည်။

အာဆာအဖွဲ့က AA ကင်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မျိုးမဟုတ်ဘဲ နတ်မြစ်တစ်ဖက်ခြမ်းမှ လှမ်းပစ်ရာမှ တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်ပြီး တစ်နာရီခန့်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒီဇင်ဘာ၁၂ရက်ညက မောင်တောမြို့အနီး နတ်မြစ်ဝနှင့် နယ်စပ်ကင်းစခန်းအချို့တွင် လက်နက်ငယ် ပစ်ခတ်သံများကို အဆက်မပြတ် ကြားရကြောင်း မြို့ခံအချို့ထံက သိရသည်။

နတ်မြစ်အတွင်း ကျီးကျွန်းတွင် AAနှင့် အာဆာတို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမှာ ဟုတ်မှန်ကြောင်း နောက်ထပ်အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက အတည်ပြုသည်။

“လက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံကိုတော့ မနေ့က ညပိုင်းကနေ ကြားနေရတယ်။ ဒီနေ့မနက်ပိုင်းမှာတော့ ကျီးကျွန်းဘက်မှာ တိုက်ပွဲဖြစ်ကြတယ်လို့ သိရတယ်။ နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးဘူး”ဟု ၎င်းက ပြောသည်။

AAကင်းစခန်းရှိရာ ကျီးကျွန်းသည် ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်အတွင်းရှိ ကျွန်းတစ်ကျွန်းဖြစ်သည်။

အဆိုပါကျွန်းရှိ AA ကင်းစခန်းကို အာဆာအဖွဲ့က မကြာခဏ ပစ်ခတ်မှုများ လုပ်နေကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်ကလည်း အထက်ကျီးကျွန်းရှိ AA ကင်းစခန်းကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB) BP- 22 ကင်းစခန်းမှ လက်နက်ငယ်များဖြင့်လှမ်းပစ်ခဲ့သေးကြောင်း ဒေသအခြေစိုက်သတင်းဌာနအချို့က ရေးသားခဲ့ကြသည်။