မြောက်ဦးဆေးရုံကြီးကို ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်ခဲ့သည့် မင်းအောင်လှိုင်က ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့် ကြိုဆိုနေကြောင်း ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြ ထားသည်။
ဒီဇင်ဘာ၁၅ရက်၊၅၁ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ မင်းအောင်လှိုင် ပေးပို့သော သ ဝဏ်လွှာတွင် အထက်ပါအတိုင်း ဖော်ပြထားသလို MNDAA၊ TNLA ၊ AA တို့အနေနှင့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်ကာ NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းကြရန်လည်း ဆိုသည်။
“မင်းအောင်လှိုင်အတွက် အကြမ်းဖက်သတ်ဖြတ်နေတာ မထူးဆန်းတော့သလိုပဲ တော်လှန်ရေး အင်အားစုတွေအားလုံး လက်နက်ချ ဒူးထောက်ပြီး NCA လမ်းအတိုင်းလျှောက်ဖို့ ပြောနေတာလည်း အပ်ကြောင်းထပ်နေပါပြီ။အာဏာသိမ်းတဲ့အချိန်ကတည်းက သူခိုးက လူပြန်ဟစ်နေတာ အခုထိပဲ” ဟု ရန်ကုန်အခြေစိုက် ရခိုင်အမျိုးသားစာရေးဆရာတစ်ဦးက MPAသို့ပြောသည်။
လက်ရှိကာလတွင် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှုမရှိသည်ကို အခွင့် ကောင်းယူ၍ မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အရေးပါမှုကိုအသုံးချရန် အင်အားကြီးနိုင်ငံတချို့က ဩဇာလွှမ်းမိုးချုပ်ကိုင်လိုသည့်အတွက် အကြမ်းဖက်မှုများနှင့်မတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံ ဖော် နေကြောင်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်ခဲ့သည့် MNDAA၊ TNLA၊ AAတို့၏ လုပ်ဆောင် ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း လည်း ဆိုသည်။
MNDAA၊ TNLA နှင့် AA တို့သည် တစ်သီးတခြား ရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာကြ ကြောင်းလည်း မင်းအောင်လှိုင်က ဆိုသည်။
ဆက်လက်ပြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲအောင်မြင်ရေးအတွက် အဓိကလိုအပ်ချက်မှာ နိုင်ငံ တစ်ဝန်းတည်ငြိမ်အေးချမ်းမှုရှိရေးဖြစ်ပြီး ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်း ထားသည်။
မြောက်ဦးဆေးရုံကြီးကို ဒီဇင်ဘာ၁၀ရက်တွင် စစ်တပ်က ပေါင်၅၀၀ဗုံး၂လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ၃ လသားအရွယ် မိန်းကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူ ၃၃ ဦး သေဆုံး ပြီး ၇၇ဦး ဒဏ်ရာရခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
ယင်းဗုံးကြဲသတ်ဖြတ်မှုကို နိုင်ငံတကာအသိုင်းအဝိုင်းကသာမက အာဆီယံကပါ ပြင်းထန်စွာ ရှုတ် ချ ခဲ့သော်လည်း မြောက်ဦးဆေးရုံတွင် AA နှင့် တော်လှန်ရေးတပ်များ စစ်စခန်းအဖြစ် သုံးနေသောကြောင့် ဗုံးကြဲခဲ့ ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်က လိမ်ညာဝါဒဖြန့် ထုတ်ပြန်ကာ ရခိုင် ဒေသအတွင်း အရပ်သားပြည်သူများအား ပစ်မှတ်ထားသည့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ကျူး လွန်လျက်ရှိသည်။
မြောက်ဦးဆေးရုံကို ဗုံးကြဲ တိုက်ခိုက်ခဲ့သူများ ၊ ကျူးလွန်ရန် စေခိုင်းသူ နှင့် ပါဝင်ပတ်သက် သူများကို ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု AA က ဒီဇင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။
