စစ်မှုထမ်းတပ်သားများကို ကယ်တင်ရေး မဖြစ်မနေ လုပ်ဆောင်သင့်ပြီဟုဆို

ဓာတ်ပုံ- စစ်ကော်မရှင် လော်ဘီတယ်လီဂရန်
ပုံစာ-စစ်မှုထမ်းသင်တန်းသားများကို အသုံးအဆောင်များ ထုတ်ပေးနေပုံ

တော်လှန်ရေးအင်အားစုများအနေနှင့် စစ်မှုထမ်းတပ်သားများကို ထိထိရောက်ရောက် ကယ်တင်နိုင်ရေးအတွက် မဖြစ်မနေကြိုးစားလုပ်ဆောင်သင့်ပြီဟု ပြည်သူ့ပန်းတိုင်က တိုက်တွန်း လိုက်သည်။

မိမိဆန္ဒမပါဘဲ အဓမ္မစစ်မှုထမ်း ခိုင်းစေခံရသည့် စစ်မှုထမ်းတပ်သားဦးရေမှာ စစ်မှုထမ်းအပတ်စဉ် ၁၅ အရောက်တွင် ၇သောင်းကျော်လာပြီဖြစ်သော်လည်း အလင်းဝင်ပူးပေါင်းနှင့် တိုက်ပွဲအတွင်း လက်နက်ချပြီး အသက်ရှင်နိုင်ခဲ့သည့် အရေအတွက်မှာ အလွန်နည်းနေသေးကြောင်း ပြည်သူ့ပန်း တိုင်က ထုတ်ပြန်သည်။

“အခုဆို အပတ်စဉ်၁၆ သင်တန်းဆင်းသွားပြီဆိုတော့ စစ်မှုထမ်းတပ်သားစုစုပေါင်း ၈သောင်းရှိသွား ပြီ။ဒီ၈သောင်းထဲမှာ သေတဲ့သူ ဘယ်လောက်ရှိသလဲဆိုတာ မသိပေမဲ့ ခန့်မှန်းခြေ ၅၀၀၀နဲ့ တစ် သောင်းလောက်ရှိမလားပဲ။ဘာလို့လဲဆိုတော့ စစ်ဆင်ရေးတွေမှာ ပစ(စစ်မှုထမ်းတပ်သား)တွေကို အသေခံပုံသုံးထားတာကြောင့်ပဲ။ဒီနှစ်ထဲ အလင်းဝင်တဲ့ ပစအရေအတွက်က အလွန်ဆုံးရှိ ၁၀၀၀ ကျော်ပဲ”ဟု နယ်စပ်ဒေသအခြေစိုက် CDM အရာရှိတစ်ဦးက MPAသို့ပြောသည်။

စစ်မှုထမ်းတပ်သား၈သောင်းတွင် အလင်းဝင်လာနိုင်သူ ၁၀၀၀ကျော်သာ ရှိခြင်းမှာ အလွန်နည်းသည့် အရေအတွက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပစ ၉၅ရာခိုင်နှုန်းလောက်က စစ်တပ်ထဲ အဓမ္မသွတ်သွင်းခံရပြီး စစ်သားဖြစ်လာတာ။စစ်တပ်ထဲမှာ ဆိုရင်လည်း နောက်တန်းမှာတောင် ပစ ဆိုတာ အနှိမ်ခံ၊အခိုင်းခံ ကျွန်သာသာပဲ။ရှေ့တန်းထွက်ရင် အသေခံတပ်သားပဲ။အဲလိုအခြေအနေမှာ ပစ တွေ အလင်းဝင်ဖို့ အမြဲကြိုးစားနေကြမှာ သေချာ တယ်။ဒါပေမဲ့၊ပစတွေ အလင်းဝင်တာ သိပ်နည်းနေတယ်။အဲဒါ ဘာ့ကြောင့်လဲဆိုတာ တော်လှန်ရေး ခေါင်းဆောင်တွေ အဖြေရှာသင့်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

စစ်မှုထမ်းတပ်သားများ ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲနေခြင်းမှာ စစ်တပ်၏ ဝါဒဖြန့် ခြိမ်းခြောက် မှုများကို ယုံကြည်ကြောက်လန့်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များထံ မည်သို့ ဆက်သွယ်ရမည်ကို မသိရှိ ခြင်း၊ ဆက်သွယ်ရန် မလွယ်ကူခြင်းနှင့် သတင်းအချက်အလက် ရရှိသိရှိမှု နည်းပါးခြင်းက အဓိက အကြောင်းရင်းများဖြစ်ကြောင်းနှင့် စစ်တပ်သည် စစ်မှုထမ်းများ ထွက်ပြေးလွတ်မြောက်မှု လျော့ကျ စေရန် ကောင်းစွာ ထိန်းချုပ်လုပ်ဆောင်လာနိုင်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့ လာရေးအဖွဲ့ MDSI က သုံးသပ်သည်။

တော်လှန်ရေးအင်အားစုများသည် စစ်မှုထမ်းအရေး တုံ့ပြန်ဖြေရှင်းနိုင်ရန် ပြင်ဆင်လုပ်ဆောင်မှုများ အလွန်အားနည်းနေကြောင်းတော်လှန်ရေးတပ်ဖွဲ့များအနေနှင့် စစ်မှုထမ်းအရေးနှင့် ပတ်သက်ပြီး ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ပါက စစ်ရေး၊နိုင်ငံရေးအရွေ့အပေါ် များစွာ အထောက်အကူ ပြုမည်ဖြစ်ကြောင်း MDSI က အကြံပြုသည်။

တော်လှန်ရေးဦးဆောင်အဖွဲ့များအနေနှင့် စစ်ကော်မရှင် ဖော်ဆောင်နေသည့် အဓမ္မစစ်မှုထမ်း ခေါ်ယူနေမှုအပေါ် စနစ်တကျတုံ့ပြန်နိုင်ရန်အတွက် လိုအပ်သောပူးပေါင်းဆောင်ရွက်မှုများနှင့် မဟာ ဗျူဟာများ ချမှတ်ရန် MDSI က ဆိုသည်။

နယ်စပ်ဒေသအခြေစိုက် CDMအရာရှိက လက်နက်နှင့် အလင်းဝင်လာသူများကို ဆုငွေချီးမြှင့်ခြင်း တစ်ခုတည်းကိုသာ လုပ်ဆောင်နေခြင်းသည် စစ်အုပ်စုဝင်များ အလင်းဝင်လာစေရေးအတွက် လုံလောက်သည့်အဖြေမဟုတ်ကြောင်းဆိုသည်။

အလင်းဝင်လာသူအရေအတွက်မှာ ၂၀၂၅ဇန်နဝါရီတွင် ၈၈ဦး၊ဖေဖေါ်ဝါရီတွင် ၈၀၊ မတ်တွင် ၆၂ဦး၊ ဧပြီတွင် ၆၅ဦး၊ မေတွင် ၆၆ဦး ၊ ဇွန်တွင် ၁၀၀၊ ဇူလိုင်တွင် ၁၀၉ဦး၊ဩဂုတ်တွင် ၁၇၄ဦး၊စက်တင်ဘာတွင် ၆၉ဦး၊အောက်တိုဘာတွင်၄၅ဦးနှင့် နိုဝင်ဘာတွင် ၆၄ဦးရှိခဲ့ပြီး အလင်းဝင်စစ်သားများထဲ၌ စစ်မှုထမ်းတပ်သား အများဆုံးပါဝင်ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားအများစုမှာ စစ်တပ်ကို ပြန်တော်လှန်နေကြကြောင်း MDSI ထုတ်ပြန်သည့် ‘ပြည်သူ့စစ်မှုထမ်းဥပဒေ ဖော်ဆောင်သက် ရောက်မှု လေ့လာဆန်း စစ်ချက်”အစီရင် ခံ စာ၌ ဖော်ပြထားသည်။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာ ပထမပတ်အထိ အလင်းဝင်ပူးပေါင်းနှင့် စစ်သုံ့ပန်း စုစုပေါင်း ၂၄၅၄ ဦးရှိကြောင်း သိရသည်။