မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD/RMA တပ်မှ ဗိုလ်မှူးတစ်ဦး တာဝန်ထမ်းဆောင်စဉ် ကျဆုံးခဲ့သည့်အတွက် မွန်တော်လှန်ရေးအတွက် ဆုံးရှုံးမှု တစ်ခုဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက် တော်လှန်ရေး တပ်ခေါင်း ဆောင်အချို့က ပြောသည်။
ယမန်နေ့( ဒီဇင်ဘာလ ၁၆ ရက် )မနက်ပိုင်းတွင် ရေဖြူမြို့နယ် လမ်းပိုင်းတစ်နေရာ၌ အလုပ်ကိစ္စဖြင့် စစ်ဆေးမှုများ ဆောင်ရွက်နေသည့် ဗိုလ်မှူး မိုးကြိုးကို အရပ်သားကားတစ်စီးက ဝင်ရောက်တိုက်မိရာမှ ဆေးကုသမှုများ ခံယူနေချိန် ကျဆုံးသွားခြင်း ဖြစ်သည်။
“ရာဖူးဘက်မှာဘဲ စစ်ဆေးရေးလုပ်နေချိန်၊ မနက်အစောပိုင်းမှာ ဈေးသည်ကားတစ်စီးက မတွေ့ပဲနဲ့ ဝင်တိုက်မိသွား တဲ့ပုံစံဖြစ်တယ်၊ နီးစပ်တဲ့ ဆေးပေးခန်းမှာ ချက်ချင်းဆေးကုသမှု ခံယူလိုက်ပါတယ်၊ နောက်ဆုံး အသက်ပါ ဆုံးရှုံးသွားတယ်” ဟု သေဆုံးသွားသည့် ဗိုလ်မှူး မိုးကြိုး၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက MPAသို့ ပြောသည်။
ဗိုလ်မှူး မိုးကြိုးသည် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD/RMA ၏ စစ်ဆင်ရေးမှူး တာဝန်ယူထားသူဖြစ်ပြီး ကျဆုံးချိန်တွင် သက်လတ်ပိုင်း အရွယ်သာ ရှိသေးကြောင်း ၎င်းက ပြောသည်။
စစ်ဆင်ရေးများစွာကို မဟာမိတ်တပ်များနှင့်အတူ အကောင်းဆုံးရင်ဆိုင်တိုက်ခိုက်ခဲ့သူတစ်ဦးဖြစ်သည့်အပြင် ကိုယ်တိုင်ကလည်း သဘောကောင်းပြီး တိုက်ခိုက်ရေး ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။
“ဗိုလ်မှူး မိုးကြိုးနဲ့ စစ်ဆင်ရေးတွေ အများကြီး တွဲလုပ်ခဲ့ဖူးတယ်၊ တော်လှန်ရေးအတွက် ဆုံးရှုံးမှုတစ်ခုလို့ ပြောလို့ရတယ်၊ ဒုက္ခ သုခတွေ အတူတူခံစားခဲ့ရဖူးတယ်၊ သက်လတ်ပိုင်း လူတယောက်ဖြစ်တဲ့အတွက် တော်လှန်ရေးအတွက် အများကြီး လုပ်လို့ ရသေးတယ်၊ မွန်တစ်မျိုးသားလုံးအတွက် ဆုံးရှုံးမှုပါပဲ” ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာနမှူး နိုင်တလနိုင်က ပြောသည်။
စစ်အာဏာရှင်ကို ခုခံတိုက်ခိုက်ရင်း လမ်းခုလတ်တွင် ကျဆုံးသွားခဲ့သည့် ဗိုလ်မှူး မိုးကြိုး၏ ရုပ်အလောင်းကို ၎င်း၏မိခင်တပ်ရင်းဆီကို သယ်ဆောင်လာပြီး ဖြစ်သည်။
ဗိုလ်မှူး မိုးကြိုးသည် ယခင် မွန်ပြည်သစ်ပါတီ (NMSP)တွင် ဆယ်စုနှစ်များစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် စစ်အာဏာရှင်ကို ခုခံတိုက်ခိုက်တော်လှန်ရန်အတွက် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD နှင့်အတူ ခွဲထွက်လိုက်ပါလာသူဖြစ်သည်။
“တကယ်ကို နှမြောတဿမိပါတယ်၊ ဒီလိုမျိုးတစ်ယောက် ဆုံးရှုံးရတာ အများကြီး စိတ်မကောင်းဖြစ်ရပါတယ်၊ ဦးဆောင်သူကောင်းတစ်ယောက် ရဲဘော်ရဲဘက်အပေါ် သဘောထားပြည့်ဝသူပါ” ဟု နောက်ထပ်လုပ်ဖော်ကိုင်ဖက် တော်လှန်ရေးသမားတစ်ဦးက ပြောသည်။
ဗိုလ်မှူး မိုးကြိုးကျဆုံးသွားသည့်အပေါ် အတူတူတိုက်ပွဲဝင်ခဲ့ကြသည့် မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃)၊ အထူးတိုင်းနှင့် မဟာမိတ်တပ်များက မိသားစုနှင့်အတူ ထပ်တူ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ထုတ်ပြန်ထားသည်။
