အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲမှုသည် အားလုံးစိတ်ကြိုက် ဖြစ်ချင်မှ ဖြစ်မည်ဟု ယာယီသမ္မတ ပြောကြား

ဓာတ်ပုံ-လူမှုကွန်ရက်

အစိုးရအဖွဲ့ ပြုုပြင်ပြောင်းလဲမှုသည် အားလုံးစိတ်ကြိုက် ဖြစ်ချင်မှ ဖြစ်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးက ပြောကြားသည်။

ယနေ့( ဒီဇင်ဘာလ ၁၈ ရက်)တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြောကြားခဲ့ပြီး လူထုထောက်ခံမှုရရှိရန် အလုပ်ဖြင့် သက်သေပြသွားမည်ဟု ကတိပြုခဲ့သည်။

ယာယီသမ္မတက လက်ရှိအစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအပေါ် အများပြည်သူ၏ ဝေဖန်မှုနှင့် အားမလိုအားမရဖြစ်မှုများရှိနေသည်ကို မိမိတို့အနေဖြင့် သိရှိပါကြောင်း ဝန်ခံပြောကြားခဲ့သည်။ သို့သော် များပြားစုံလင်သည့် လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံနှင့် အဖွဲ့အစည်းပေါင်းစုံကို လက်တွေ့ကျကျ ဆွဲစုပြီး အရှိပကတိအခြေအနေများအပေါ် အခြေခံကာ လုပ်ဆောင်ရခြင်းဖြစ်သောကြောင့် အကန့်အသတ်များရှိနေကြောင်း ၎င်းက ရှင်းပြခဲ့သည်။

“အစုအဖွဲ့အားလုံး စိတ်ကြိုက်ဖြစ်ချင်မှ ဖြစ်မည်ဖြစ်သလို၊ နိုင်ငံရေးတွင် အားလုံးဆန္ဒနှင့် တစ်ထပ်တည်းကျရန် မလွယ်ကူသော်လည်း အများစုဆန္ဒနှင့် စစ်မှန်သော ပြည်သူလူထုဆန္ဒနှင့် အနီးစပ်ဆုံးဖြစ်ရန် အရေးကြီးသည်” ဟု ယာယီသမ္မတက ဆိုသည်။

ထို့ကြောင့် ဤပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို လူထုထောက်ခံမှု ထပ်မံရရှိစေရန် အလုပ်ဖြင့် သက်သေပြသွားမည်ဟု ကတိပြုခဲ့သည်။

“ယာယီသမ္မတအနေနဲ့ အစိုးရအပေါ် ဝေဖန်မှုတွေကို ရှောင်လွှဲခြင်းမပြုဘဲ ပွင့်လင်းစွာ ဝန်ခံပြောကြားခဲ့တာက လူထုနဲ့ အစိုးရအကြား ယုံကြည်မှု တည်ဆောက်ရေးမှာ ကောင်းမွန်တဲ့ လက္ခဏာ တစ်ခုဖြစ်ပါတယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

ထို့ပြင် ယာယီသမ္မတက များပြားလှသည့် အစုအဖွဲ့များကို စုစည်းရသည့်အတွက် အကန့်အသတ်များရှိနေသည်ဟု ပြောကြားခဲ့ပြီး ယင်းပြောကြားချက်သည် လက်ရှိ မြေပြင်နိုင်ငံရေး၏ ရှုပ်ထွေးမှုကို ပေါ်လွင်စေကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အားလုံး စိတ်ကြိုက်ဖြစ်ဖို့ထက် အလုပ်ဖြစ်ဖို့ ဦးစားပေးပြီး အစိုးရအသစ်ကို ပြန်ဖွဲ့လိုက်တယ်ဆိုပြီး ယာယီသမ္မတက ပြောချင်တဲ့ပုံရှိတယ်။ သူကတော့ အလုပ်ဖြစ်ဖို့ ဖွဲ့လိုက်တယ်လို့ပြောပေမယ့် တကယ်ထိရောက်မှုရှိလား မရှိလားကတော့ ကြည့်ရမှာပေါ့လေ” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် နိုင်ငံရေး သိပ္ပံလေ့လာနေသည့် လူငယ်တစ်ဦးက မှတ်ချက်ပြုသည်။
စစ်ကော်မရှင်၏ ဒီဇင်ဘာ ၂၈ ရက် အတုအယောင်ရွေးကောက်ပွဲကို တန်ပြန်ရန်အတွက် NUG အတွင်းပိုင်း ပြုပြင်ပြောင်းလဲမှုများမှာ အချိန်ကိုက်လုပ်ဆောင်ချက်ဖြစ်သော်လည်း၊ ယာယီသမ္မတပြောသကဲ့သို့ “အလုပ်ဖြင့် သက်သေပြ” နိုင်မှုအပေါ်တွင်သာ ရလဒ်က မူတည်နေမည်ဖြစ်သည်။

ယင်းအပြင် ယာယီသမ္မတက Federal Supreme Council ပေါ်ပေါက်ရေးအတွက် အားစိုက်နေသည်ဟု ပြောကြားခဲ့ပြီး ယင်းအချက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EROs) နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။

NUG အစိုးရ၏ ပြုပြင်ပြောင်းလဲရေးသည် အကန့်အသတ်များကြားမှပင် တော်လှန်ရေးရည်မှန်းချက် မသွေဖယ်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ယာယီသမ္မတက အခိုင်အမာ ပြောကြားခဲ့သည်။

လာမည့်ရက်ပိုင်းအတွင်း စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲအပြီး ပြည်တွင်း တော်လှန်ရေးအင်အားစုများအနေဖြင့် စိန်ခေါ်ချက်တချို့ကို ထည့်တွက်ထားရန် လိုအပ်ပြီး သတိရှိရှိဖြင့် အမြော်အမြင်ကြီးကြီး ရှု့မြင်ပြီး နိုင်ငံရေး လက်ဦးမှု ရယူရန် ယာယီသမ္မတက တိုက်တွန်းထားသည်။

ဆက်လက်ပြီး နိုင်ငံခေါင်းဆောင် တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးစိုးရိမ်ရပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် နိုင်ငံတကာကို ဆက်လက်အကူအညီတောင်းခံရန် ၎င်းက ပြောကြားခဲ့သည်။