စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးရဲဘော်များနှင့် စစ်ဘေးရှောင် ၉၀ ရာခိုင်နှုန်းခန့် ပွေး၊ ဝဲစသည့်ယားနာများပေါက်နေပြီး ဆေးဝါးအကူအညီလိုအပ်လျက်ရှိကြောင်း ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကျန်မာရေးတာဝန်ခံထံမှ စုံစမ်းသိရှိရသည်။
တော်လှန်ရေးရဲဘော်များနှင့် စစ်ဘေးရှောင်များအနေဖြင့် တောတောင်များအတွင်း နေရောင်ခြည်အလွန်အမင်းထိခိုက်ခြင်း၊ မသန့်ရှင်းသည့်ရေများကို ချိုးရခြင်းနှင့် တကိုယ်ရည်သန့်ရှင်းရေးအားနည်းခြင်းတို့ကြောင့် ယခုကဲ့သို့ ယားနာများပေါက်လာခြင်းဖြစ်သည်ဟု ယူဆကြောင်း ကျန်းမာရေးတာဝန်ခံ ဆရာမပိုင်က MPAသို့ ပြောသည်။
” ကလေးငယ်တွေမှာအပေါက်များတယ်။ အများစုကတော့ ကလေးငယ်တွေပေါ့နော်။ လူလတ်ပိုင်းကျတော့ ရဲဘော်တွေမှာအပေါက်များတယ်။ စစ်ရှောင်တွေမှာကျတော့ လူကြီးတွေနဲ့ ၁၄နှစ်အောက်ကလေးငယ်တွေမှာ အပေါက်များပါတယ် “ဟု ၎င်းကဆိုသည်။
ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကျန်းမာရေးဌာနအနေဖြင့် ယားနာများနှင့်ပတ်သက်၍ ဆေးဝါးကုသမှုများကို စဥ်ဆက်မပြတ်လုပ်ဆောင်ပေးနေသော်လည်း ဆေးဝါးလိုအပ်ချက်ရှိနေခြင်းကြောင့် အပြည့်အဝကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်သည့်အခြေအနေများနှင့်လည်း ရင်ဆိုင်နေကြရကြောင်း ၎င်းက ဆက်ပြောသည်။
” အခက်အခဲကတော့ ဆေးဝါးကိုပြည့်စုံအောင်မပေးနိုင်တဲ့ အခိုက်အတန့်တွေရှိတယ်ပေါ့နော်။ ကျမတို့မပေးနိုင်ဘူးဆိုရင်လည်း ပေးနိုင်တဲ့အဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်ပေးတာမျိုးတွေရှိပါတယ်။ အဓိကတော့ ဆေးဝါးပါပဲ။ ဆေးဝါးရှိနေရင် ကျမတို့လည်းလုပ်ရတာ အားလည်းရှိတယ်၊ လုပ်လည်းလုပ်နိုင်တဲ့အနေအထားထက် ပိုပြီးမှ လုပ်ပေးနိုင်တယ်၊ လုပ်ပေးချင်တယ်လို့ပဲ ပြောရမှာပေါ့ “ဟု ဆရာမပိုင်က ပြောသည်။
စစ်ကော်မရှင်သည် ကလေးတောင်ပိုင်းသို့ အောက်တိုဘာ၂၇ရက်နေ့ကစတင်၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ကလေး-ဂန့်ဂေါကားလမ်းဘေးကျေးရွာများမှ စစ်ဘေးရှောင်တစ်သိန်းနီးပါး ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရခြင်းဖြစ်ဖြစ်သည်။
လက်ရှိတွင် စစ်ကော်မရှင်သည် ကလေးတောင်ပိုင်း ကလေး-ဂန့်ဂေါကားလမ်းမပေါ်ရှိ ထောက်ကြံ့၊ ကြာအင်း၊ သာယာကုန်း၊ နတ်ချောင်းနှင့် နတ်မြောင်းကျေးရွာများတွင် အထိုင်ချတပ်စွဲထားပြီး လမ်းပိုင်းစိုးမိုးမှုကိုရယူထားကြောင်းသိရသည်။
” စစ်ကြောင်းထပ်ထိုးတာမျိုးတွေမရှိဘူး။ တစ်ခါတလေ ကင်းပတ်တာလောက်ပေါ့။ အနေများတာတော့ လမ်းမကြီးဘေးဝဲယာ “ဟု ကလေးခရိုင်တောင်ပိုင်းထုတ်လုပ်ရေးတပ်ဖွဲ့ ဘဏ္ဍာရေးတာဝန်ခံက ပြောသည်။
လမ်းပိုင်းစိုးမိုးမှု ရယူထားသော စစ်ကော်မရှင်အား တော်လှန်ရေးအဖွဲ့များအနေဖြင့် ပြောက်ကျားတိုက်ခိုက်မှုများရှိနေပြီး မကြာခဏတိုက်ပွဲများဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။
စစ်ကော်မရှင်သည် ကလေးတောင်ပိုင်းမှတဆင့် ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေမှုလည်းရှိနေပြီး ထိုးစစ်ကြောင်းပြန်ဆင်းလာသည်အထိ ကလေးတောင်ပိုင်းတွင် စစ်ကော်မရှင်က အထိုင်ချတပ်စွဲထားလိမ့်မည်ဟု သုံးသပ်မှုများလည်းရှိနေသည်။
