မတရားအာဏာသိမ်းမှုဖြင့် နိုင်ငံကို ပျက်စီးခြင်းတွင်းသို့ တွန်းပို့ခဲ့သည့် စစ်ကော်မရှင် ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့(ဒီဇင်ဘာ ၁၉ရက်)တွင်ကျရောက်သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာ၌ တော်လှန်ရေးအင်အားစုများကို “အမှန်အတိုင်း ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ လမ်းမှားပေါ် လျှောက်လှမ်းနေသူများ” ဟု ပြောင်းပြန်လှန် စွပ်စွဲပြောဆိုလိုက်သည်။
ယခု ပြောကြားချက်သည် ၎င်းကျူးလွန်ထားသော သမိုင်းဆိုးများကို ဖုံးကွယ်ရန် ကြိုးပမ်းခြင်းဖြစ်ပြီး မြေပြင်လက်တွေ့အခြေအနေများနှင့် လုံးဝဆန့်ကျင်နေကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
“သူ့ သဝဏ်လွှာမှာ တော်လှန်ရေးသမားတွေကို ဆင်ခြင်တုံးတရားကင်းမဲ့သူတွေ အဖြစ် ပုံဖော်ထားပေမယ့် လက်တွေ့မှာ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တာ မင်းအောင်လှိုင်လေ၊ နိုင်ငံကို မငြိမ်မသက်ဖြစ်စေခဲ့တဲ့ အဓိကတရားခံက အာဏာသိမ်းမှုဘဲ သူက ငြိမ်းချမ်းရေးနဲ့ ဆင်ခြင်တုံတရားကို ဆရာကြီးလုပ်ပြီး ပြောဆိုနေတာက ရယ်ဖို့ အတော်ကော်းတယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။
ထို့ပြင် မင်းအောင်လှိုင်က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေသူများကို “လမ်းမှား” ပေါ်ရှိသူများဟု ပြောကြားခဲ့သည်။
“ပြည်သူတစ်ရပ်လုံးက မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်စနစ်က နိုင်ငံအနာဂတ်အတွက် လမ်းမှာဆိုတာ သတ်မှတ်ထားပြီးသား ဖြစ်တယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ထပ်မံပြောသည်။
ယင်းအပြင် မင်းအောင်လှိုင်က ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်ထားသည်ဟု ထပ်မံပြောကြားခဲ့သော်လည်း ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာများနှင့် မြန်မာနိုင်ငံအနှံ့ကို နေ့စဉ် ဗုံးကြဲပြီး အရပ်သားများကို သတ်ဖြတ်နေမှုသည် စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းဖြစ်ကာ ၎င်း၏ သဝဏ်လွှာ၌ ပြောကြားချက်များသည် ဟန်ပြသက်သက်သာဖြစ်ကြောင်း ထောက်ပြမှုများလည်းရှိသည်။
“မင်းအောင်လှိုင်က NCAကို ကိုင်ပြီး အမြဲပြောတယ်။ အဲ့ဒါက ဘာလဲဆိုတော့ နိုင်ငံတကာကို လှည့်စားဖို့ ကြိုးစားတဲ့ သူ့အတွက် နည်းလမ်းကောင်းပဲ၊ အခုသဝဏ်လွှာမှာလဲ NCA ကိစ္စကို ထပ်ပြောသေးတယ်။ နေ့စဉ် ဗုံးကြဲပြီး ပြည်သူတွေကို သတ်နေတဲ့ကောင်က တော်လှန်ရေးအဖွဲ့တွေကို အမြဲလက်ညှိုးထိုးပြီးတော့ သူ့အပြစ်တွေကို ဖုံးကွယ်နေတာ” ဟု အညာဒေသရှိ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပြုသည်။
ဆက်လက်ပြီး မင်းအောင်လှိုင်က နိုင်ငံတည်ငြိမ်အေးချမ်းစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရေး၊ လူတိုင်းကျန်းမာရေးကောင်းမွန်စေရေး၊ ပညာရေးကောင်းမွန်ပြီး အလုပ်အကိုင်များ ရရှိကာ လူတိုင်းဝင်ငွေရရှိစေရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်စေရေး တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောကြားခဲ့သည်။
“တကယ့်လက်တွေ့မှာ မင်းအောင်လှိုင်ရဲ့ စီမံခန့်ခွဲမှု အလွဲတွေရယ် ၊ နိုင်ငံတကာက ပိတ်ဆို့မှုတွေ ဥပဒေမဲ့ လုပ်ရပ်တွေကြောင့် ဒေါ်လာစျေးတွေက ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ကုန်စျေးနှုန်းတွေကြီးမြင့်ပြီး တိုင်းပြည်စီးပွားရေးက အောက်ဆုံးရောက်သွားတယ်။ အဲ့ဒါက သူက ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေတယ်လို့ပြောတာ အနှစ်သာရမရှိတဲ့ စကားတွေပဲ” ဟု ရန်ကုန်မြို့နေ အသက် ၅၀အရွယ် အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုသည်။
ဆက်လက်ပြီး မင်းအောင်လှိုင်က နိုင်ငံတော်အစိုးရအဆက်ဆက်အနေဖြင့် နိုင်ငံတော်ထာဝရငြိမ်းချမ်းရေးကို ကြိုးစားဆောင်ရွက်ခဲ့ကြသော်လည်း လွဲမှားသည့် အတွေးအခေါ်အယူအဆများနှင့် နိုင်ငံနှင့် တိုင်းရင်းသားပြည်သူများ အားလုံးအကျိုးထက် ကျဉ်းမြောင်းသည့် ကိုယ်ကျိုးအတ္တများကို ရှေ့တန်းတင်နေကြခြင်းကြောင့် လက်နက်ကိုင် ပဋိပက္ခများနှင့် ဆူပူအကြမ်းဖက်မှုများသည် ယနေ့ကာလအထိ ရှည်ကြာနေပြီး မိဘပြည်သူ တိုင်းရင်းသားများ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေရသည်မှာ ဝမ်းနည်းဖွယ်ရာဖြစ်သည်ဟု သဝဏ်လွှာတွင် ပြောကြားထားသည်။
“EAOsတွေအနေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဆယ်စုနှစ်များစွာ တိုက်ပွဲဝင်လာခဲ့တာက အာဏာရှင်စနစ်ကြောင့်ပဲ ၊ အခု မင်းအောင်လှိုင်အာဏာသိမ်းလိုက်လို့ တော်လှန်ရေးအရှိန် ပိုမြင့်လာတာ အဲ့ဒါကို လျစ်လျူရှု့ပြီးတော့ တိုင်းပြည်မအေးချမ်းတာက လက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့သူတွေကြောင့် ဆိုပြီး သူက ပြန်အပြစ်ဖို့သေးတယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။
မင်းအောင်လှိုင်၏ သဝဏ်လွှာသည် “မိမိမျက်စိထဲမှ သစ်လုံးကိုမမြင်ဘဲ သူတစ်ပါးမျက်စိထဲမှ မြက်ပင်ကို မြင်ခြင်း” ဆိုသည့်အတိုင်း မိမိ၏ အာဏာရူးမှုကြောင့် ပျက်စီးသွားသော နိုင်ငံအခြေအနေကို သူတစ်ပါးအပေါ် ပုံချရန် ကြိုးပမ်းသည့် အဆင့်နိမ့် နိုင်ငံရေးလှည့်ကွက်တစ်ခုသာ ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
တော်လှန်ရေးအင်အားစုများအား “အမှား၊ အမှန် ခွဲခြားမသိသူများ” ဟု စွပ်စွဲခြင်းမှာ ၎င်းကိုယ်တိုင် ခံစားနေရသော စစ်ရေး၊ နိုင်ငံရေး ရှုံးနိမ့်မှုများအပေါ် အာရုံလွှဲရန် ကြိုးစားခြင်းသာ ဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိသည်။
စာတည်း-ကိုဆန်း
