နွေဦးတော်လှန်ရေး မဟာမိတ်အဖွဲ့ (SRA) ပေါ်ပေါက်လာမှုကို ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းကကြိုဆိုထောက်ခံ

မြေပြင်တော်လှန်ရေး အင်အားစုများ စုပေါင်း၍ “နွေဦးတော်လှန်ရေး မဟာမိတ်အဖွဲ့ (Spring Revolution Alliance – SRA)” ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ခြင်းအပေါ် ကမ္ဘာတဝန်းရှိ ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းနှင့် တော်လှန်ရေးအဖွဲ့အစည်းများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ကြေညာခဲ့ကြသည်။

ပြည်ပရောက်မြန်မာဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (၂) ဖွဲ့ နှင့် နိုင်ငံပေါင်း (၉) နိုင်ငံမှ ပြည်ပရောက်မြန်မာ အဖွဲ့အစည်း (၂၁) ဖွဲ့တို့က နွေဦးတော်လှန်ရေး မဟာမိတ်အဖွဲ့ (SRA) ဖွဲ့စည်းခြင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ခြင်းဖြစ်သည်။

“အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာချိန်၊ နိုင်ငံတကာသိုင်းအဝိုင်းက မြန်မာနိုင်ငံကို အကွဲကွဲ အပြဲပြဲနဲ့ စုစည်းရခက်တဲ့ နိုင်ငံရေး အခင်းအကျင်းလို့ မြင်နေချိန်မှာ ဒီလို စုစည်းနိုင်မှုဟာ အလွန်အားရစရာ ကောင်းပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အလွန်အရေးပါတဲ့ အရွေ့ တစ်ခု ဖြစ်ပါတယ်။ ပိုမိုကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပိုမိုခိုင်မာတဲ့ Code of Conduct နဲ့ Chain of Command တွေကို တည်ဆောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ” ဟုပြင်သစ်နိုင်ငံ ဒို့အတူအဖွဲ့မှ မတင်တင်ထားမြင့် က MPAသို့ ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းကို အကွဲကွဲအပြဲပြဲ ဖြစ်နေသည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းက ရှုမြင်နေချိန်နှင့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန်တွင် ယခုကဲ့သို့ ဘုံရပ်တည်ချက်ဖြင့် မဟာမိတ်ဖွဲ့နိုင်ခြင်းမှာ အရေးပါသော နိုင်ငံရေးအရွေ့တစ်ခုဖြစ်ကြောင်း ပြည်ပရောက်အဖွဲ့များက ထောက်ပြကြသည်။

” ၅ နှစ်ပြည့်တော့မယ့် အချိန်၊ လူအတော်များများက အကွဲအပြဲတွေ ရှိနေတဲ့ အချိန်မှာတောင် ဘုံရပ်တည်မှု ကတိကဝတ်ပြု လက်မှတ်ထိုးပြီး Alliance အနေနဲ့ ပေါ်ပေါက်လာတာ အင်မတန်မှ အားရပါတယ်။ ထူးခြားတဲ့ အဖြစ်အပျက်လဲ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာလဲ အဓိကကျတဲ့ နေရာမှာ ပါဝင်မယ်လို့လဲ ယုံကြည်ပါတယ်။ GMSR လိုမျိုး လူငယ်တွေ အများစုပါဝင်တဲ့အဖွဲ့ရဲ့ အလုပ်အမှုဆောင် တစ်ယောက်အနေနဲ့ လူငယ်တွေ ထွက်ပြီးတော့ ကြိုးကြိုးစားစားနဲ့ ရှေ့ဆက်လျှောက် သွားမယ်ဆိုတာ တွေ့ရလို့ အထူးဝမ်းသာ အားရတဲ့အပြင် ပြန်လည်ပံ့ပိုးကူညီ ဆောင်ရွက်သွားပါမယ်။” ဟု Global Myanmar Spring Revolution (GMSR) အလုပ်အမှုဆောင် ဖြစ်သည့် မမွန်ဇင်က ဆိုသည်။

SRA ဖွဲ့စည်းခြင်းသည် နိုင်ငံတကာသို့ ခိုင်မာပြတ်သားသည့် သတင်းစကား ပေးပို့နိုင်ခြင်းဖြစ်ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်အတွက် တူညီသော ပန်းတိုင်ဆီသို့ စုပေါင်းအင်အားဖြင့် လျှောက်လှမ်းမည့် ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်ကြောင်း ယင်းအဖွဲ့များကဆိုသည်။

” နိုင်ငံတကာက မြန်မာအသိုင်းအဝိုင်း ၂၀ ကျော်က အခုလို တပ်ပေါင်းစုကို ကြိုဆိုထောက်ခံတာအပြင် အကူအညီတွေလည်းပေးမယ်ဆိုတာ တော်လှန်ရေးမှာ ပြည်တွင်း၊ ပြည်ပ ချိတ်ဆက်မှုအားကောင်းပြီး ပိုမိုကောင်းတဲ့အရွေ့တစ်ခုဖြစ်မယ်ထင်ပါတယ်။ ” ဟု မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးကမှတ်ချက်ပြုသည်။

နိုင်ငံရေးအရ ခိုင်မာကျစ်လစ်သော တော်လှန်ရေးတပ်ပေါင်းစုတစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) ကို အဖွဲ့ဝင် ၁၉ ဖွဲ့ဖြင့် ဖွဲ့စည်းလိုက်ကြောင်း ဒီဇင်ဘာ ၁၅ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

စာတည်း-ကိုဆန်း