လက်ပံတန်းတွင် စစ်မှုထမ်းတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်၊ စစ်ကော်မရှင်ကို ပြန်တိုက်မည်ဟုဆို

ဓာတ်ပုံ - ပေးပို့
ပုံစာ - အလင်းဝင်တပ်သား ဝင်းနိုင်ဆန်း။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် လက်နက်ခဲယမ်းများနှင့်တကွ စစ်မှုထမ်းတပ်သားတစ်ဦး အလင်းဝင်လာကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ရက်က လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့်တပ်မှ စစ်မှုထမ်း တပ်သားသစ် ဝင်းနိုင်ဆန်းသည် စစ်ကြောင်းမှ ထွက်ပြေးကာ အလင်းဝင်လာခြင်းဖြစ်ကြောင်း လက်ပံတန်းမြို့နယ် ပကဖထံက သိရသည်။

” ဆက်သွယ်ဝင်ရောက်လာတာက သူတို့ရဲ့စစ်ကြောင်းကနေထွက်ပြေးလာပြီး မျက်စိလည်လမ်းမှား နေတုန်း ပြည်သူတစ်ယောက်နဲ့ တွေ့တာဗျ။ အလင်းဝင်ချင်လို့ အကူညီတောင်းချိတ်ဆက်ရာကနေ ကျနော်တို့တပ်ဖွဲ့ဆီရောက်လာခဲ့တာပါ ” ဟု လက်ပံတန်းမြို့နယ်ပကဖ၊ စစ်ရေးတာဝန်ခံ ရဲဘော် စနေက MPA ကို ပြောသည်။

၎င်းနှင့်အတူ MA-1 သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ခု ၊ အီနာဂါဗုံး ၄ လုံး၊ ကျည် ၂၀၀နှင့် စစ်သုံးပစ္စည်း အစုံအလင် ယူဆောင်လာသောကြောင့် ဂုဏ်ပြုဆုငွေချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အသက် ၃၆ နှစ်အရွယ်ရှိ ယင်းစစ်သားသည် မကွေးတိုင်း၊ စလင်းမြို့ဇာတိဖြစ်ကာ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့တွင် လာရောက်အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး အလုပ်မှ နေအိမ်သို့ ပြန်လာစဉ် စစ်တပ်၏ ပေါ်တာဆွဲ ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

” အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အရပ်သားပြည်သူတွေကို မျက်စိရှေ့ ရက်ရက်စက်စက် သတ်ပစ်တာတွေမြင်ခဲ့ရတော့ စစ်တပ်ရဲ့လုပ်ရပ်ကို မကြိုက်လို့ အလင်းဝင်လာပြီး ပြည်သူအတွက် ပြန်လည်တိုက်ခိုက်မယ်လို့ သိရပါတယ် ” ဟု ၎င်းက‌ဆက်လက်ပြောသည်။

ယင်းအလင်းဝင်တပ်သားသည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာရှိ အမှတ်၄တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် စစ်မှုထမ်းအပတ်စဉ် ၁၅ သင်တန်းတက်ရောက်ခဲ့ရသည်။

စာတည်း-ML