ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့၊၈ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို စစ်မှုထမ်းလူကုန်ကူးမှုဖြင့် စစ်တပ်က ဖမ်းဆီးထားကြောင်း သိရသည်။
စစ်ကော်မရှင်ခန့် ၈ရပ်ကွက်အုပ်ချုပ်ရေးမှူးဝင်းဇော်သည် တောင်ဒဂုံမြို့နယ်နေ လူငယ် တစ် ဦးကို ပေါ်တာဆွဲပြီးနောက် စစ်မှုထမ်းအတွက် ရောင်းစားရန် ရာအိမ်မှူးနှင့် နောက်လိုက်၂ဦး တို့အား ရန်ကုန်သို့ သွားရောက်ပို့ဆောင်ခိုင်းစဉ် သန်လျင်တံတားအဆင်း၌ စစ်တပ်နှင့်ရဲတို့က ဖမ်း ဆီးခဲ့ကြောင်း ထို့နောက် နိုဝင်ဘာ၂၀ရက်တွင် အုပ်ကြီးဝင်းဇော်ကို စစ်တပ်က ထပ်မံဖမ်းဆီးခဲ့ ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က ယနေ့(ဒီဇင်ဘာ၂၁ရက်)သတင်း ထုတ်ပြန်သည်။
“ပေါ်တာဆွဲခံရတဲ့ကောင်လေးက တောင်ဒဂုံကလို့ သိရပါတယ်။ ကောင်လေးအသိုင်းအဝိုင်းက မရှိပါ ဘူး။ ကြားရတဲ့သတင်းအရတော့ ကောင်လေးရဲ့ရပ်ကွက်ထဲနေတစ်ဦးက လွှတ်တော်အမတ်လောင်း တစ်ဦးလို့သိရပြီး ဒီကိစ္စကို အဲ့လွှတ်တော်အမတ်လောင်းက ဝင်ရှင်းပေးလို့ အခုလိုအဖမ်းခံရတာပါ” ဟု ခရမ်းချန်နယ်မှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
ရာအိမ်မှူးနှင့်အဖွဲ့ကို ဒီဇင်ဘာ၁၇ရက်က သန်လျင်တံတားအဆင်း၌ ဖမ်းဆီးခဲ့ပြီး တောင်ဒဂုံရဲစခန်း တွင် အမှုဖွင့်ထားကြောင်း သိရသည်။
“ရာအိမ်မှူးနဲ့ အပေါင်းအပါ၂ဦးကိုဖမ်းပြီးစစ်မေးတော့ အုပ်ကြီးပါ ပါဝင်နေတာ စစ်တပ်ကသိသွားပါ တယ်။ ဒါကိုစစ်တပ်က ၁၉ ရက်နေ့မှာ ရပ်ကွက်ရုံးကိုလာပြီး အရင်ကြိုကြည့်သွားပါတယ်။ ၂၀ ရက်နေ့မနက်ပိုင်းမှ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးစရာရှိလို့ဆိုပြီး လာခေါ်သွားတာပါ”ဟု ၎င်းက ဆက်လက်ပြောသည်။
ဝင်းဇော်ကို အာဏာအလွဲသုံးစားလုပ်သည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးသွားကာ မည်သည့်စစ် ကြောရေးသို့ ရောက်နေသလဲဆိုသည်ကို မသိရသေးပေ။
ပေါ်တာဆွဲခဲ့သည့် လူငယ်ကို ကျပ်သိန်း၅၀ဖြင့် ရောင်းစားရန် ရန်ကုန်ရှိ အဖွဲ့တစ်ဖွဲ့ထံသို့ ပို့ ဆောင်ကြခြင်းဖြစ်ကြောင်း သိရသည်။
“ရန်ကုန်ကအုပ်ကြီးတွေရော၊ရဲတွေရော၊ လူလိုက်ဖမ်းတဲ့ဂိုဏ်းတွေရောက စစ်တပ်နဲ့ချိတ်ထားပြီး လူငယ်တွေကို စစ်မှုထမ်းထဲ ရောင်းစားနေကြတာ ကြားရသလောက် ၁၀သိန်းကနေ သိန်း၂၀ လောက်ထိ ရကြတယ်”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က ပြောသည်။
ဝင်းဇော်နှင့်အဖွဲ့သည် ၈ရပ်ကွက်အတွင်း စစ်မှုထမ်းကြေး အဆမတန်ကောက်ခံနေကြောင်း ရပ်ကွက်သားများထံက သိရသည်ဟု ခရမ်းချန်နယ်က ထုတ်ပြန်ထားသည်။
ခရမ်းမြို့တွင် စစ်မှုထမ်းအကျုံးဝင် ယောကျာ်းလေးရှိသည့် အိမ်ကို တစ်ဦးရှိလျှင် အနည်းဆုံး ကျပ်၄သောင်းမှ ၆သောင်းအထိ ကောက်ခံပြီး စစ်မှုထမ်းအကျုံးဝင် ယောကျာ်းလေး၂ဦးရှိပါက ၂ ဆပေးရကြောင်း စစ်မှုထမ်းအကျုံးဝင် ယောကျာ်းလေး မရှိသည့်အိမ်များလည်း တစ်လလျှင် ကျပ်၂သောင်း ပေးရကြောင်း ခရမ်းချန်နယ်မှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောကြားထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း ခရမ်းမြို့၊ ၁ရပ်ကွက်နှင့် ၃ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့ကို စစ်မှုထမ်းကြေးပိုမိုကောက်ခံသည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးခဲ့သေးသည်။
စာတည်း-ML
