အမျိုးသားအကျိုးစီးပွားကို ဓားစာခံလုပ်သည့် စစ်ကော်မရှင်၏ မြစ်ဆုံကိစ္စ အမိန့်အား ပြည်သူ့ အင်အားဖြင့် ခုခံရန် တိုက်တွန်း

စစ်ကော်မရှင်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) က ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သော အမိန့်သည် သာမန်စီမံကိန်းများ နှောင့်နှေးမှုကို တားဆီးရန်မဟုတ်ဘဲ တစ်နိုင်ငံလုံးက ဝိုင်းဝန်းကန့်ကွက်ထားသည့် မြစ်ဆုံစီမံကိန်းကဲ့သို့သော အမျိုးသားအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကို အတင်းအဓမ္မ အကောင်အထည်ဖော်ရန် ပြည်သူလူထုအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ပြင်းထန်နေသည်။

အဆိုပါ အမိန့်စာတွင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့များက ခွင့်ပြုထားသည့် လုပ်ငန်းများကို အထောက်အထားခိုင်လုံမှုမရှိဘဲ ကန့်ကွက်ခြင်းကြောင့် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်စေသည်ဟု ဆိုကာ ကန့်ကွက်သူများကို တည်ဆဲဥပဒေဖြင့် အရေးယူမည်ဟု ဖော်ပြထားသည်။

ယင်းမှာ “အစိုးရလုပ်သမျှ အမှားမရှိ” ဟူသည့် အာဏာရှင်ဆန်သော မူဝါဒကို ကျင့်သုံးကာ မြစ်ဆုံစီမံကိန်းအား တရုတ်နိုင်ငံထံ ပြန်လည်အပ်နှံနိုင်ရန် လမ်းခင်းလိုက်ခြင်းသာ ဖြစ်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

“မြစ်ဆုံဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ စခဲ့တယ်။ ဦးသိန်းစိန်လက်ထက်မှာ လူထုဖိအားကြောင့် ရပ်ဆိုင်းခဲ့ရတယ်။ NLD လက်ထက်မှာတော့ လျော်ကြေးဒေါ်လာဘီလျံနဲ့ချီ ပေးရမှာကြောင့် မပြတ်မသားဖြစ်ခဲ့ပေမဲ့ အခု မင်းအောင်လှိုင်ကတော့ သူ့ရဲ့ရှင်သန်ရေးအတွက် မြစ်ဆုံကို တရုတ်ကြီးဆီ ထိုးကျွေးတော့မယ်။ အဲဒါကြောင့် တစ်နိုင်ငံလုံးက ကန့်ကွက်မှာကို ကြိုသိနေတဲ့အတွက် ဒီအမိန့်နဲ့ ကြိုကာလိုက်တာပဲ” ဟု သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတစ်ဦးက သုံးသပ်သည်။

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ရမ်းက စစ်ကော်မရှင်၏ အမိန့်သည် နိုင်ငံတော်၏ အခြေခံအုတ်မြစ်ဖြစ်သော အချုပ်အခြာအာဏာကို စိန်ခေါ်နေခြင်းဖြစ်ကြောင်း ပြင်းထန်စွာ ဝေဖန်လိုက်သည်။

၎င်းက “နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ နိုင်ငံသားတွေဆီကပဲ ဆင်းသက်တာ။ ဘယ်ပါတီ၊ ဘယ်ဗိုလ်ချုပ်ဆီကမှ ဆင်းသက်တာမဟုတ်ဘူး။ အခုဟာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း မညီဘဲ De facto အဆင့်တောင်မရှိတဲ့သူတွေက အမိန့်ထုတ်နေတာ။ ဒါဟာ လုံးဝတရားမဝင်ဘူး” ဟု ဆိုသည်။

ထို့အပြင် “ နိုင်ငံသားအခွင့်အရေး ၄၆ ချက်မှာ နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ ထုတ်ဝေခွင့်ရှိတယ်။ ၃၅၃ မှာဆိုလို့ရှိရင် နိုင်ငံသားတိုင်းသည် တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးကို မနှောင့်ယှက်ဘူးဆိုရင် ပြောဆိုရေးသားဖြန့်ချိခွင့်အထိရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။

ထိုသို့သော အခြေခံဥပဒေပါ အခွင့်အရေးများနှင့် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက်များကိုပါ ချိုးဖောက်နေသည့် အမိန့်သည် “တော်တော်ကြီးကို ရုပ်ပျက်ဆင်းပျက်နိုင်သည့် လုပ်ရပ်” ဖြစ်ကြောင်း ဦးဇော်ရမ်းက ထောက်ပြသည်။

“သူတို့အာဏာမြဲဖို့၊ တရုတ်ရဲ့အကူအညီရဖို့အတွက် မြစ်ဆုံကို ရောင်းစားဖို့ လုပ်နေတာ။ ကန့်ကွက်ရင် ထောင်ချမယ်ဆိုတာကတော့ ပြည်သူကို ပါးစပ်ပိတ်ပြီး တိုင်းပြည်ကို လုပ်ချင်သလို လုပ်မယ်ဆိုတဲ့ သဘောပဲ။ အရင်လို လုံးဝမလွတ်လပ်တော့ပေမဲ့ အမိန့်တွေနဲ့ ခြိမ်းခြောက်နေလည်း ကျွန်တော်တို့ကတော့ ရသလောက် ကန့်ကွက်နေဦးမှာပဲ” ဟု သဘာဝပတ်ဝန်းကျင်အရေး တက်ကြွသူ ပြည်သူတစ်ဦးက ပြောသည်။

အစိုးရက ချပေးထားသည့် စီမံကိန်းများကို ကန့်ကွက်လျှင် အရေးယူမည်ဆိုသည့် အချက်သည် အတိတ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ အတွေ့အကြုံကို စစ်ကော်မရှင်က ကြောက်လန့်နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။

“လက်ပံတောင်းတောင်နဲ့ ပတ်သက်လို့ ဆန့်ကျင်မှုတွေရှိတယ်၊ မြေယာသိမ်းပိုက်မှုကြီးတွေရှိတယ်၊ သတ္တုတွင်းဝန်ကြီးဌာနနဲ့ ဒေသအစိုးရလာတဲ့ အမိန့်နော်။ ဒါပေမဲ့ အဲဒီအမိန့်တွေကိုယ်တိုင် မတရားတဲ့အချိန်မှာ သိန်းစိန်ကနေပြီး ဘုန်းကြီး ၉၃ ပါး မီးလောင်တိုက်အသွင်းခံရပြီး ပြဿနာတက်တဲ့အချိန်မှာ ခင်ဗျားသဘောပဲ၊ ခင်ဗျားကိုယ်တိုင် ကော်မရှင်ဥက္ကဋ္ဌလုပ်ပြီးတော့ စုံစမ်းစစ်ဆေးရေးပေါ်လာတဲ့အခါမှာ ဒီလက်ပံတောင်းတောင်စီမံကိန်းဟာ အချက် ၉၃ ချက်ပါတဲ့အချက်နဲ့ တရားမဝင်ဘူးဆိုတာ မပေါ်ဘူးလား။ နဂိုက တို့နိုင်ငံက ၂၀ ရာခိုင်နှုန်းလောက်ရတာ။ ကျန်တာက ဦးပိုင်နဲ့ ယန်စီကရတာ။ ပြန်ချုပ်လိုက်တဲ့အချိန်မှာ တို့က ၅၃ ရာခိုင်နှုန်းရတယ်။ ကျန်တဲ့နှစ်ခုက သူတို့ရတယ်ပေ့ါနော်။ အဲဒီတော့ ထုတ်ထားတဲ့အမိန့်တွေ၊ အရင်စာချုပ်တွေက တရားမဝင်ဘူး၊ တရားဝင်တယ်၊ တရားမမျှတဘူး၊ မျှတတယ် ဘာနဲ့ပြောမလဲ။ သမ္မတ ဦးသိန်းစိန်ထုတ်ထားတဲ့ လယ်ယာမြေပြန်လည် စွန့်လွှတ်ရေးမူဝါဒတွေ ဘယ်လောက်ကောင်းကောင်း၊ ဒုသမ္မတ ဦးဗန်ထီးယူနဲ့ သမ္မတကြီးဦးဝင်းမြင့်ထုတ်ထားတဲ့ ၅၃ ချက်ကို ဘယ်လောက်ကောင်းကောင်း၊ အဲဒီ ၅၃ ချက်မူအတိုင်း အောက်မှာလုပ်ရင်းနဲ့ လယ်တွေသိမ်းပိုက်မှုတွေ ဒီအမိန့်အားလုံးက အထက်ကလာလို့ မဆန့်ကျင်ဘူးဆိုရင် ကျန်တဲ့နစ်နာမှုတွေ၊ လယ်ယာမြေသိမ်းပိုက်မှုတွေ ဧကတစ်သန်းကျော် သိမ်းပိုက်မှုတွေကို အစိုးရက ဘယ်လိုလုပ် ဝန်ခံမလဲ”ဟု ဦးဇော်ရမ်းက ဆက်ပြောသည်။

အဆိုပါအမိန့်သည် စစ်ကော်မရှင်အတွက် အကာအကွယ်တစ်ခု ဖြစ်နိုင်သော်လည်း ပြည်သူလူထုအတွက်မူ မတရားမှုကို ပို၍ဆန့်ကျင်ရန် တွန်းအားတစ်ခုသာ ဖြစ်လာသည်ဟု ဆိုသည်။ “လူကို လူလို အုပ်ချုပ်တဲ့သူ၊ ဒီမိုကရေစီကို လိုချင်တဲ့သူ၊ လောကပါလတရားတွေ လိုချင်တဲ့သူဆိုရင် ဒီမတရားတဲ့ အမိန့်တွေကို တိုက်ဖျက်ဖို့ပဲ ရှိတော့တယ်”ဟု ဦးဇော်ရမ်းက အသိပေးထားသည်။

စစ်ကော်မရှင်သည် နိုင်ငံ၏ သယံဇာတများကို ရောင်းစားရန်အတွက် ပြည်သူ့ပါးစပ်ကို ပိတ်ရန် ကြိုးပမ်းနေသော်လည်း မြေပြင်တွင်မူ ပြည်သူများမှာ ပိုမို၍ စိတ်ပျက်ဒေါသထွက်နေကြသည်။ နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် စီးပွားရေး ချောက်ထဲကျနေသည့် စစ်ကော်မရှင်သည် တရုတ်နိုင်ငံ၏ ထောက်ခံမှုကို အတင်းအဓမ္မ ရယူရန် ကြိုးပမ်းနေခြင်းက နိုင်ငံ၏ အနာဂတ်ကို ပိုမိုမှောင်မိုက်စေမည်ဟု လေ့လာသူများက ဆိုသည်။

စာတည်း-ကိုဆန်း