စစ်အုပ်စုအနေနှင့် နိုင်ငံတကာ နိုင်ငံရေးနှင့် ဘဏ္ဍာရေးစနစ်များတွင် ဆက်လက်ပါဝင်နိုင်ရန်အတွက် ဒဏ်ခတ်ပိတ်ဆို့မှုစနစ်များရှိ ဟာကွက်များကို ထိထိရောက်ရောက် အသုံးချနေကြောင်း Justice For Myanmar ကဆိုသည်။
The Sentry နှင့် Justice For Myanmar တို့ ပူးတွဲထုတ်ပြန်လိုက်သည့် မူဝါဒအနှစ်ချုပ်စာတမ်းသစ်တစ်စောင်နှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၂၂ရက် သတင်း ထုတ် ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြထားသလို မြန်မာစစ်အုပ်စုသည် ၎င်းတို့၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အဖွဲ့အစည်းကို အမည်ပြောင်းလဲလိုက်ခြင်းနှင့် အမေရိကန်ပြည်ထောင်စုအတွင်း အကျိုးဆောင်လော်ဘီများ ငှားရမ်းအသုံးပြုခြင်း များမှတစ်ဆင့် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများအား ရှောင်ရှားရန်နှင့် မှားယွင်းသော နိုင်ငံရေးတရားဝင်မှုရရှိရန် ကြိုးပမ်းနေပုံများကိုလည်း ဖော်ထုတ်ထားသည်ဟု ဆိုသည်။
အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် အခြားသော မိတ်ဖက်အစိုးရများ အနေဖြင့် ဂယ်ပေါက်များကို ပိတ်ဆို့ရန်နှင့် စစ်အုပ်စု၏ နိုင်ငံတကာကူညီပံ့ပိုးပေးနေသူများအား ပစ်မှတ်ထားနိုင်ရန်အတွက် ဒဏ်ခတ်ပိတ်ဆို့မှုများကို အရေးတကြီး ဖြည့်စွက် တိုးချဲ့ရန် ယင်းစာတမ်းက ဆိုသည်။
” စစ်အုပ်စုဟာ ၎င်းတို့ရဲ့ပုံရိပ်ကို ပြန်လည်တည်ဆောက်နေပြီး၊ ၎င်းတို့အုပ်ချုပ်မှုကို ပုံမှန်အခြေ အနေတစ်ခုလို ဖြစ်လာစေဖို့ နိုင်ငံရပ်ခြားက အားပေးကူညီသူတွေရဲ့ ပံ့ပိုးမှုကို ရယူ အသုံးချနေပါ တယ်။ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့ စစ်အုပ်စုကို အကျိုးဖြစ်ထွန်းစေမယ့် နိုင်ငံရေးဝန်ဆောင်မှုတွေ ပေးအပ်ခြင်းဟာ ကြီးလေးတဲ့ ဥပဒေကြောင်းဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ၊ ဂုဏ်သိက္ခာဆိုင်ရာ အန္တရာယ်တွေကို ဖြစ်ပေါ်စေနိုင်ပါ တယ်” ဟု The Sentry ၏ အမှုဆောင်ဒါရိုက်တာ Justyna Gudzowska က ပြောသည်။
၂၀၂၅ ခု၊ ဇူလိုင်လ ၃၁ ရက်တွင် စစ်အုပ်စုသည် ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် နိုင်ငံတော် စီမံအုပ် ချုပ်ရေးကောင်စီ (SAC)ကို ဖျက်သိမ်းလိုက်ပြီး၊ နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် (SSPC) ဖြင့် အသစ်ဖွဲ့စည်းအစားထိုးခဲ့ကြောင်း၊ ထိုသို့ အမည်အပြောင်းအလဲရှိခဲ့သော်လည်း SSPC ကို ယခင်စစ်ဗိုလ်ချုပ်ကြီးများကသာ ဦးဆောင်ခြင်းဖြစ်ပြီး၊ လုပ်ငန်းတာဝန်များလည်း အပြောင်းအ လဲ မရှိဘဲ စစ်အုပ်စုနှင့် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ထိန်းချုပ်မှုအောက်တွင်သာ ခိုင်ခိုင်မာမာ ရှိနေဆဲ ဖြစ်ကြောင်း Justice For Myanmar က ဆိုသည်။
” ခေါင်းစည်းစာသားကလွဲရင် ဘာအပြောင်းအလဲမှကိုမရှိတာ။စစ်အုပ်စုရဲ့ အမည်ပြောင်း လုပ်ရပ်ဟာ သူတို့တွေအနေနဲ့ အရပ်သားပြည်သူတွေကို ဘာအပြစ်ဒဏ်မှ မခံရဘဲ စိတ်တိုင်းကျ သတ်ဖြတ်နေတဲ့အချိန်မှာ၊ တစ်ဖက်ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားနိုင်ဖို့နဲ့ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးနိုင်ဖို့တွေ အတွက် ရည်ရွယ်လုပ်ဆောင်တဲ့ ကြိုးပမ်းမှုတစ်ရပ်သာ ဖြစ်ပါတယ် ” ဟုJustice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောသည်။
အထူးသတိထားစရာအချက်အနေဖြင့် စစ်အုပ်စုက ထိုသို့အမည်ပြောင်းပြီး ရက်ပိုင်းအတွင်းတွင်ပင် အမေရိကန်အခြေစိုက် လော်ဘီ ၂ဖွဲ့ဖြစ်သည့် DCI Group AZ, LLC နှင့် the McKeon Group တို့သည် စစ်အုပ်စုထိန်းချုပ်အဖွဲ့များနှင့် စာချုပ်များချုပ်ဆိုခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားကိုယ်စားလှယ်များမှတ်ပုံတင်ခြင်းဆိုင်ရာအက်ဥပဒေ (FARA) အရ တင်သွင်းထားသည့်မှတ်တမ်းများတွင် ယင်းကုမ္ပဏီများသည် မြန်မာစစ်တပ်ကိုယ်စား အမေရိကန်အစိုးရကို စည်းရုံးရန်ရည်ရွယ်သည့် ပြည်သူရေးရာနှင့် လော်ဘီဝန်ဆောင်မှုများ ပေးအပ်ရန် သဘောတူခဲ့ကြောင်း တွေ့ရသည်ဟု ဆိုသည်။
စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအား လူသိရှင်ကြား ရှုတ်ချရန်နှင့် ရွေးကောက်ပွဲရလဒ် များအား ငြင်းပယ်ရန်၊ မည်သည့်အသိအမှတ်ပြုမှု သို့မဟုတ် ပံ့ပိုးမှုပုံစံကိုမျှ ပေးအပ်ခြင်း မပြုရန်၊ စစ်အုပ်စုကို အားပေးကူညီနေသူများအပေါ် ပစ်မှတ်ထားသည့် နိုင်ငံစုံညှိုနှိုင်းပူးပေါင်း ဆောင်ရွက်သော ကွန်ရက်လိုက် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်စသည့် အချက်များကို နိုင်ငံတကာ အစိုးရများ လုပ်ဆောင်ရန် The Sentry နှင့် Justice For Myanmar တို့က တိုက်တွန်းထားသည်။
