တရားမဝင် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း မဲဆွယ်စည်းရုံးရန် နေရာထိုင်ခင်းနှင့် လူစု ပေးခြင်းကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများက လုပ်ကိုင်ပေးနေကြကြောင်း သိရသည်။
မွန်ပြည်နယ်ကြံ့ဖွံ့ပါတီဥက္ကဌလည်း ဖြစ်သူ အောင်ကြည်သိန်းသည် ချောင်းဆုံမြို့နယ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် FPTP မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယခုလအတွင်း ချောင်းဆုံမြို့နယ် အတွင်းရှိ ရွာကြီးများ၌ အောင်ကြည်သိန်း လူထုတွေ့ဆုံဟောပြောစဉ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့က လုပ်ကိုင်ပေးနေခြင်းဖြစ်ကြောင်း ပါတီများနှင့် နီးစပ်သော မော်လမြိုင်မြို့ခံတစ်ဦးထံက သိရသည်။
“ချောင်းဆုံမှာ ခန့်ထားတဲ့ ရပ်ကျေးအုပ်ကြီးတွေ ၁၀၀ရာခိုင်နှုန်းက ကြံ့ဖွံ့တွေချည်းပဲလေ။အောင် ကြည်သိန်းက အခုဒီလမှ ချောင်းဆုံဆင်းပြီး မဲဆွယ်နေတာ။ပြည်သူနဲ့တွေ့ဖို့ နေရာထိုင်ခင်းနဲ့ လူ တွေလာအောင် အုပ်ကြီးတွေ အကုန်လုပ်ပေးရတယ်”ဟု ၎င်းက MPAသို့ပြောသည်။
ယင်းသို့ အမတ်လောင်းတစ်ဦး၏ မဲဆွယ်မှုကို အုပ်ချုပ်ရေးအာဏာပိုင် အုပ်ကြီးတို့က ပံ့ပိုးပေးနေ ခြင်းအပေါ် မည်သည့်ပါတီကမှ ကန့်ကွက်ခြင်းမရှိကြောင်း သိရသည်။
“မကန့်ကွက်တာက မသိလို့ မကန့်ကွက်တာ မဟုတ်ဘူး။ကြောက်လို့ မကန့်ကွက်ရဲတာ။အောင် ကြည်သိန်းက ဘုန်းကြီးတောင် ထောင်ထဲထည့်နေတာဆိုတော့”ဟု ၎င်းက ဆက်လက်ပြော သည်။
ဒီဇင်ဘာ၁၇ရက်တွင် ချောင်းဆုံမြို့နယ်၊ခရိုက်နှီးဟုရွာ၌ အောင်ကြည်သိန်းနှင့် ကြံ့ဖွံ့အမတ်လောင်း တို့ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး လျှပ်စစ်မီး လိုအပ်ချက်အရ ချောင်းဆုံ၌ ကျောက်မီးသွေးသုံးဓာတ် အားပေးစက်ရုံ တည်ဆောက်မည့်အပေါ် ကန့်ကွက်ဆန္ဒပြပါက ထောင်ထဲထည့်မည်ဟုလည်း ခြိမ်း ခြောက်ခဲ့သေးသည်။
“ခရိုက်နှီးဟုမှာ ပြောသွားတာက ထိုင်းမှာ အလုပ်သွားမလုပ်ရအောင် ဒီမှာပဲ အလုပ်ရအောင် လုပ် ပေးမယ်။အဲဒီအတွက် လျှပ်စစ်မီးလိုတယ်။လျှပ်စစ်မီးရဖို့ ကျောက်မီးသွေးစက်ရုံ တည်ဖို့ လုပ်နေ တယ်။အဲဒါကို ဒို့အရေးလာလုပ်ရင် အထဲထည့်လိုက်မယ်။ပြီးတော့ပြောသေးတယ်။စင်ကာပူနိုင်ငံက ကျနော်တို့ ဘီလူးကျွန်းလောက် မကျယ်ဘူးတဲ့။လုပ်ရင်ခဏလေးပဲ။စနစ်မှန်ဖို့ပဲ လိုတယ်တဲ့။သူပြော သွားတာကတော့ သိပ်မကြာဘူး။စင်ကာပူလို တိုးတက်သွားတော့မှာလိုလိုပေါ့။မစားရဝခမန်း ပြော ရဲတယ်”ဟု ချောင်းဆုံမြို့နယ်၊မုရစ်ကလေးရွာသူတစ်ဦးက ပြောသည်။
ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို တရုတ်နည်းပညာဖြင့် ချောင်းဆုံမြို့နယ်၊ဒရယ်ရွာနှင့် ကလွီ ရွာကြားရှိ သံလွင်မြစ်ကမ်းဘေး၌ တည်ဆောက်သွားမည်ဟု သိရသည်။
