ပဋိပက္ခနှင့် ငလျင်ဒဏ်သင့်ပြည်သူများကို ကန်ဒေါ်လာ၁၀သန်း တောင်ကိုရီးယားကူမည်

Photo - MPA

By Ra Wai / MPA

ပဋိပက္ခနှင့် ငလျင်ဒဏ်သင့်ပြည်သူများကို တောင်ကိုရီးယားနိုင်ငံက အမေရိကန်ဒေါ်လာ ၁၀ သန်း အကူအညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယားသမ္မတနိုင်ငံနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)တို့သည် “REACH”ဟု အ မည်ပေးထားသော ပဋိပက္ခဒဏ်ခံ မိသားစုများအတွက် အရေးပေါ်အကူအညီပေးရေးလုပ်ငန်းကို စတင်လိုက်ပြီဖြစ်ပြီး တောင်ကိုရီးယားထည့်ဝင်သည့် ကန်ဒေါ်လာ၁၀သန်းဖြင့် ပဋိပက္ခနှင့်ငလျင် ဒဏ် အပြင်းထန်ဆုံးခံစားခဲ့ရသော ဒေသများ၌ WFPမှတစ်ဆင့် အရေးပေါ်စားနပ်ရိက္ခာနှင့် စားနပ် ရိက္ခာဝယ်ယူရန် ငွေသားအထောက်အပံ့များ ပေးအပ်သွားမည်ဟု WFP က ထုတ်ပြန်သည်။

“ဒီပံ့ပိုးကူညီမှုကနေတစ်ဆင့် မြန်မာပြည်သူပြည်သားတွေရဲ့ အရေးပေါ် လိုအပ်ချက်တွေကို ဖြည့် ဆည်းပေးနိုင်ရုံသာမက ရေရှည်ကာလအထိ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန် နေနိုင်အောင် ကူညီပေးသွားနိုင်မယ်လို့ မျှော်လင့် ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတ နိုင်ငံ သံရုံးအကြီးအကဲ Mr. Bae Byeongsoo က ပြောကြောင်း WFP ကဖော်ပြသည်။

ပဋိပက္ခနှင့် ငလျင်ဒဏ်သင့်ဒေသများရှိ လူဦးရေ ၃သိန်း ဝန်းကျင်ကို ၂လစာ စားနပ်ရိက္ခာ သို့မ ဟုတ် စားနပ်ရိက္ခာဝယ်ယူနိုင်မည့် ငွေသား ပေးအပ်သွားမည့်အပြင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင် များနှင့် ကလေးငယ် စုစုပေါင်း လူ ၂၄,၀၀၀ တို့ကိုလည်း အာဟာရချို့တဲ့မှု ကာကွယ်ရေးနှင့် ကုသရေး အကူအညီ များပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“၁၉၆၀ နှင့် ၁၉၈၀ ခုနှစ်တွေမှာ ကိုရီးယားသမ္မတနိုင်ငံဟာ WFP ရဲ့ ပံ့ပိုးကူညီမှုကို လက်ခံရရှိ သူဖြစ် ခဲ့ရာကနေ လက်ရှိမှာ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ ဦးဆောင်သူတစ် ဦးဖြစ်လာပါပြီ။အခု REACH အစီအစဥ်ကို စတင်လိုက်တာဟာ ကိုရီးယားသမ္မတနိုင်ငံရဲ့ လေးစားအားကျဖွယ် အသွင်ကူး ပြောင်းရေးရဲ့ မှတ်တိုင်သစ်တစ်ခုဖြစ်ပါတယ်။ တစ်ချိန်က ကိုရီးယားသမ္မတနိုင်ငံကို ဆန်အကူအညီ တွေ ပေးပို့ခဲ့ဖူးတဲ့ မြန်မာနိုင်ငံအတွက် အခုလို ပြန်လည်ပြီး တဖန်ကူညီပေးတာဟာ တကယ့်ကို အဓိပ္ပါယ်ပြည့်ဝလှပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောသည်။

၂၀၂၅ ခုနှစ် ဧပြီတွင် WFP သည် ရန်ပုံငွေမလုံလောက်မှုကြောင့် မြန်မာနိုင်ငံရှိ လူဦး ရေတစ်သန်း အတွက် အရေးပေါ်အကူအညီများကို ရပ်တန့်ခဲ့ရသည်။

စာတည်း-ML