စစ်အုပ်စု၏ MRTVနှင့် MRN သတင်းစာမျက်နှာအသစ်များကို Facebook က ဖယ်ရှားလိုက်ကြောင်းသိရသည်။
စစ်အုပ်စုက ယခုလအတွင်း အသစ်ဖွင့်လှစ်ထားသည့် MRTV စာမျက်နှာ နှင့် MRTV ပို့စ်များကို ပြန်လည်ကူးတင်ဖြန့်ဝေသည့် MRN စာမျက်နှာတို့ကို ဖယ်ရှားပိတ်သိမ်းလိုက်သည့် Facebook ၏ မြန်ဆန်သောအရေးယူဆောင်ရွက်မှုကို ကြိုဆိုကြောင်း Justice For Myanmar ကထုတ်ပြန်သည်။
Facebook သည် MITV နှင့် ရတနာပုံသတင်းစာတို့၏ စာမျက်နှာများကို အစောပိုင်းကတည်းက ဖယ်ရှားခဲ့ပြီးဖြစ်သလို၊ YouTube၊ Twitch နှင့် Kick တို့၏ အရေးယူဆောင်ရွက်မှုများလည်း ရှိလာခဲ့ပြီးနောက် ယခုကဲ့သို့ MRTV နှင့် MRN စာမျက်နှာအသစ်များကိုပါ ထပ်မံဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Facebook ၏ မိခင်ကုမ္ပဏီ Meta သည် ၂၀၂၁ ခုနှစ်မှစတင်၍ မြန်မာစစ်တပ်၊ စစ်အုပ်စုဆက်နွှယ် စီးပွားရေးလုပ်ငန်းများနှင့် စစ်အုပ်စုထိန်းချုပ်ထားသော နိုင်ငံပိုင်အဖွဲ့အစည်းများနှင့်မီဒီယာများကို Facebook နှင့် Instagram ပလက်ဖောင်းများပေါ်တွင် အသုံးပြုခွင့်ပိတ်ပင်ထားသည့် မူဝါဒကို ချမှတ်ကျင့်သုံးလျက်ရှိသည်။
ဩစတြေးလျတိုက်ရိုက်ရုပ်သံလွှင့်ပလက်ဖောင်း Kick ကလည်း စစ်အုပ်စု၏ MRTV HD၊ MITV၊ MRTV News၊ MRTV Farmers၊ MRTV Sports၊ MRTV NRCနှင့် MRTV Entertainment ချန်နယ်များကို ၂၄နာရီပြည့်အောင်ပင်လက်မခံဘဲ ဖယ်ရှားခဲ့သည်။
MITV နှင့် MRTV တို့အားလုံးကို စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးကြပ်ထုတ်လွှင့်နေခြင်းဖြစ်ပြီး MRTV သည် အဓိကအားဖြင့် မြန်မာပရိတ်သတ်များအတွက် ဗမာဘာသာစကားဖြင့် ထုတ်လွှင့်ပြီး၊ MITV သည် နိုင်ငံခြားပရိတ်သတ်များထံ သက်ရောက်မှုရှိစေရန်ရည်ရွယ်၍ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည်။
“စစ်အုပ်စုက သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက်စစ်ဆင်ရေးကို အရှိန်မြှင့်လုပ် ဆောင်နေချိန်မှာ ဝါဒမှိုင်းဖြန့်ချိနိုင်ဖို့အတွက် ဒီနည်းပညာပလက်ဖောင်းတွေကို အသုံးပြုနေတာပါ”ဟု Justice For Myanmar၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
နည်းပညာကုမ္ပဏီအားလုံးအနေဖြင့် စစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်များအား ဖြုတ်ချရန်နှင့် နည်းပညာကုမ္ပဏီများ၏ ပလက်ဖောင်းများအား စစ်အုပ်စုက အသုံးပြုနေခြင်းကို ပိတ်ပင်ရန် Justice For Myanmar ကတောင်းဆိုထားသည်။
