ရဲများ၏ အတင်းအကျပ် ခိုင်းစေမှုကြောင့် ဆိုင်ကယ် ဘေးတွဲသမားများ မဲဆွယ်ဆိုင်းဘုတ်များကို အိပ်ရေးပျက်ခံ ကင်းစောင့်နေရ

ဓာတ်ပုံ - MPA
ပုံစာ-ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ဆိုင်ကယ်ဘေးတွဲများ

ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်များရှိ ဆိုက်ကယ်ဘေးတွဲသမားများသည် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲအတွက် စိုက်ထူထားသော မဲဆွယ်ဆိုင်းဘုတ်များကို ညလုံးပေါက် အိပ်ရေးပျက်ခံ၍ ကင်းစောင့်ပေးရန် အတင်းအကျပ် စေခိုင်းခံနေရကြောင်း စုံစမ်းသိရှိရသည်။

စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည် တောင်ဒဂုံနှင့် သင်္ဃန်းကျွန်းကဲ့သို့သော မြို့နယ်များ၌ မဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်းမှ ကာကွယ်ရန်အတွက် ဘေးတွဲသမားများကို ဓားစာခံအဖြစ် အသုံးချနေခြင်းဖြစ်သည်။ ထိုသို့ခိုင်းစေရာတွင် ကင်းမစောင့်ပါက လုပ်ငန်းလိုင်စင် ထုတ်ပေးမည်မဟုတ်ကြောင်း၊ လိုင်စင်မရှိဘဲ မောင်းနှင်ပါက ဖမ်းဆီးပြီး ဘေးတွဲယာဉ်ကိုပါ သိမ်းဆည်းမည်ဖြစ်ကြောင်း ဝမ်းရေးဖြင့် ခြိမ်းခြောက်၍ အမိန့်ပေးထားခြင်း ဖြစ်သည်။

” ကင်းမစောင့်လို့ မရဘူး မစောင့်ရင် လိုင်စင် ထုတ်မပေးဘူး။ လိုင်စင် မပေးထားရင် မြင်တာနဲ့ ဖမ်းတာ။ ပြီးရင် ဘေးတွဲပါ သိမ်းတာ” ဟု တောင်ဒဂုံမြို့နယ်မှ ဆိုက်ကယ်ဘေးတွဲ သမားတစ်ဦးက ပြောသည်။

စစ်ကော်မရှင်ရဲများသည် မဲဆွယ်ဆိုင်းဘုတ်များအား ညလုံးပေါက် နီးပါး ကင်းစောင့်ရန်အတွက် ဆိုက်ကယ်ဘေးတွဲသများကို စေခိုင်းထားခြင်းဟု သိရသည်။

ကင်းစောင့်ချိန်မှာ ည ၉နာရီမှ ည ၁၂ နာရီထိ လည်းကောင်း ယင်းနောက် နံနက် ၂နာရီမှ နံနက် ၅နာရီထိ လည်းကောင်း ဖြစ်သည်ဟု သိရသည်။

” ၁၂နာရီကနေ ၂နာရီထိ ပဲ နားလို့ရတယ်။ အလှည့်ကျ စောင့်ရတာပေါ့။ ဂိတ်မှာ ညဦးပိုင်း တစ်ဖွဲ့စောင့်ရင် မနက်ပိုင်း တစ်ဖွဲ့စောင့်ပေါ့။ အဲ့ဒီလိုမျိုးပေါ့” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ဆိုက်ကယ်ဘေးတွဲသမားတစ်ဦးက ဆိုသည်။

တစ်နေကုန် အလုပ်လုပ်ထားရချိန် ထိုသို့ ကင်းစောင့်နေရသဖြင့် ဆိုက်ကယ်ဘေးတွဲ သမားများသည် စိတ်ပျက်နေရပြီး မလွန်ဆန်ရဲ၍သာ ကင်းစောင့်ပေးနေရခြင်းဟု ဆိုကြသည်။

” မစောင့်ချင်ဘူး။ အေးက အေးနဲ့ဗျာ။ မနက် ၂နာရီကြီး ကင်းထစောင့်ရတာ အဆင်မပြေဘူးလေဗျာ။ မလုပ်ဘဲ နေလို့မရလို့သာ။ ဒီရဲတွေ လစာယူထားတော့ သူတို့ယူထားတာ ကိုယ်တွေကျ တစ်ပြားတစ်ချပ်မှာ ပေးတာ မဟုတ်ဘူး” ဟု အသက် ၃၀ အရွယ် ဘေးတွဲသမားတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်တပ်သည် ဒီဇင်ဘာ ၂၈ရက်နှင့် ဇန်နဝါရီလအတွင်း အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ရန် စီစဥ်ထားခြင်းဖြစ်ပြီး ဝင်ပြိုင်မည့် ပါတီများ၏ မဲဆွယ်ဆိုင်းဘုတ်များကို ရွေးကောက်ပွဲ ပြုလုပ်မည့် မြို့များ၌ စိုက်ထူထားခြင်း ဖြစ်သည်။

အဆိုပါ ဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်းကို ကာကွယ်ရန် ရဲများက တာဝန်မယူပဲ အခြေခံလူတန်းစား နင်းပြား ဆိုက်ကယ်ဘေးတွဲသမားများကို လက်နက်အားကိုး ခြိမ်းခြောက် ခိုင်းစေနေကြခြင်း ဖြစ်သည်။

စစ်ကော်မရှင်သည် ၎င်းတို့၏ ရွေးကောက်ပွဲအစီအစဉ်အပေါ် ပြည်သူလူထုက လက်မခံဘဲ ဆန့်ကျင်နေမှုကို လက်နက်အားကိုး အင်အားသုံး၍ပင် ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် အခြေခံလူတန်းစားများ၏ ဝမ်းရေးဖြစ်သော လုပ်ငန်းလိုင်စင်ကို ဓားစာခံအဖြစ် အသုံးချကာ မတရားအနိုင်ကျင့် ခိုင်းစေခြင်းဖြင့် တုံ့ပြန်နေခြင်း ဖြစ်ကြောင်း ပြည်သူများက ဆိုသည်။

ဤလုပ်ရပ်သည် စစ်ကော်မရှင်၏ လုံခြုံရေးယန္တရား တစ်ခုလုံး ယိုင်နဲ့ပျက်ပြားနေပြီ ဖြစ်ကြောင်းကို ထင်ရှားစွာ ပြသနေရုံသာမက၊ အခြေခံပြည်သူများအပေါ် ဖိနှိပ်မှုများက စစ်တပ်အပေါ် နာကျည်းမှုနှင့် တော်လှန်လိုစိတ်များကို ပိုမိုမြင့်တက်စေသည့် တွန်းအားတစ်ရပ်သာ ဖြစ်လာလိမ့်မည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်