ကိုရီးယားအခြေစိုက် MFDMC ထောက်ပို့တပ် တော်လှန်ရေးအတွက် ကျပ်သိန်းပေါင်း တစ်သိန်းကျော် လှူဒါန်းနိုင်ခဲ့ပြီဟုဆို

ဓာတ်ပုံ- MFDMC
ပုံစာ- တော်လှန်ရေးရန်ပုံငွေ ဘောလုံးပွဲတွင် MFDMC က ထောက်ပို့တပ်သားစည်းရုံးရေးနှင့် ရန်ပုံငွေ ပစ္စည်းရောင်းချနေစဉ်။(ပုံဟောင်း)

တောင်ကိုရီးယားနိုင်ငံအခြေစိုက် MFDMC ထောက်ပို့တပ်အနေနှင့် နွေဦးတော်လှန်ရေးအတွက် ကျပ် သိန်းပေါင်း ၁သိန်း၂သောင်းကျော် လှူဒါန်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

NUG အစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန တရားဝင်အသိအမှတ်ပြု ကမ္ဘာ့ပထမဆုံးသော ပြည်ပရောက် ထောက်ပို့ရေးတပ်ဖွဲ့ဖြစ်သည့် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDFC သည် တောင်ကိုရီးယားတွင် လစဉ် ကျပ်သိန်း၃၀၀၀မှ သိန်း၅၀၀၀ ဝန်းကျင်နှင့် ထိုင်းနိုင်ငံမှ ဘတ် ၆သောင်းကျော် စုဆောင်းရရှိနေကြောင်း MFDMC တာဝန်ရှိသူထံက သိရသည်။

“ကျနော်တို့ လစဉ်လှူဒါန်းနေတဲ့ ပုံစံမျိုးပဲ သွားပါတယ်”ဟု MFDMC အတွင်းရေးမှူးဦးကျော်ဆန်းက MPAသို့ပြောသည်။

တောင်ကိုရီးယားနိုင်ငံတွင် MFDMC ထောက်ပို့ရဲဘော် ၁၅၀၀ ဝန်းကျင်ရှိပြီး အများစုမှာ ကိုရီးယား၌ အလုပ်လုပ်နေကြသူများဖြစ်သည်။ထိုင်းနိုင်ငံတွင်လည်း MFDMC ၏ အမာခံအင်အား ၃၀၀ ဝန်းကျင် ရှိကြောင်း သိရသည်။

နွေဦးတော်လှန်ရေးအတွက် MFDMC ထံသို့ လာရောက်လှူဒါန်းသည့် ကိုရီးယားအဖွဲ့အစည်းများ လည်း ရှိသလို ရံဖန်ရံခါ လာရောက်လှူဒါန်းသည့် မြန်မာများလည်းရှိကြောင်း သိရသည်။

တောင်ကိုရီးယားတွင် MFDMC ၊ ODC နှင့် PRF ထောက်ပို့အဖွဲ့အစည်းများရှိပြီး အခြားသော နိုင်ငံ များ၌လည်း ထောက်ပို့အင်အားစုများကို စုစည်းကာ ဗျူဟာကျကျ ထောက်ပို့နိုင်လျှင် တော်လှန် ရေးအတွက် ခွန်အားပိုဖြစ်စေမည်ဟု ဦးကျော်ဆန်းက အကြံပြုသည်။

“တခြားနိုင်ငံတွေမှာလည်း MFDMC လို အဖွဲ့ရှိရင် ပိုကောင်းတယ်။အဓိကက မြေပြင်အားတွေ စု စည်းဖို့၊ တပ်ပေါင်းစုတွေ ပေါ်ပေါက်ဖို့ လိုသလို ပြည်ပမှာ ရောက်နေတဲ့သူတွေ ထောက်ပို့အားတွေ ပြန့်ကျဲမနေဖို့၊ စုစည်းနေဖို့ လိုတယ်။ ထိထိရောက်ရောက် ထောက်ပို့နိုင်ဖို့ လိုတယ်။ ဗျူဟာမြောက် ထောက်ပို့ရေးကွင်းဆက်တွေ ချိတ်ဆက်နိုင်ဖို့လိုတယ်။ အလေအလွင့်နည်းအောင် ဆောင်ရွက်နိုင်ဖို့ လိုတယ်”ဟု ဦးကျော်ဆန်းက ဆက်လက်ပြောသည်။

၂၀၂၂ ခုနှစ်၊ဖေဖေါ်ဝါရီ ၂၈ ရက်တွင် MFDMC ကို တရားဝင်ဖွဲ့စည်းခဲ့သည်။